Local News

ဧရာဝတီတိုင်းဒေသကြီး ဖျာပုံမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဇန်နဝါရီလအတွင်း ကင်းမွန်ပိဿာချိန် ပိုမိုတင်ပို့ ရောင်းချနိုင်ခဲ့

Last Updated:

ဧရာဝတီတိုင်းဒေသကြီး ဖျာပုံမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဇန်နဝါရီလအတွင်း ကင်းမွန်ပိဿာချိန် ပိုမိုတင်ပို့ ရောင်းချနိုင်ခဲ့ကြောင်း ဖျာပုံမြို့နယ်ရေထွက်ကုန်ပစ္စည်းရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်ဌေးဌေးရီက ပြောပြ၍ သိရသည်။ ဖျာပုံမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလက ကင်းမွန်ပိဿာချိန် ၅၀၀၀၀ ထိသာ တင်ပို့ရောင်းချနိုင်ခဲ့ပြီး ယခုနှစ်ဇန်နဝါရီ ၁ ရက်မှ ၃၁ ရက်ထိ ကင်းမွန်ပိဿာချိန် ၇၆၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း၊ အဆိုပါ ကင်းမွန်တစ်ပိဿာလျှင် ၂၁၀၀၀ မှ ၂၇၀၀၀ ထိ ပေါက်ဈေးရှိကြောင်း သိရသည်။ “ဖျာပုံဒေသကနေ ရန်ကုန်ဈေးကွက်ကို ရေထွက်ကုန်တွေ ပုံမှန် တင်ပို့ရောင်းချနေပါတယ်။ လက်ရှိ ကင်းမွန်တွေ အဝင်များနေပါတယ်။ အရင်ကထက်လဲ တင်ပို့အားကောင်းပါတယ်။ ပွင့်လင်းရာသီ ရောက်လာတနဲ့ အခုထက် ပိုမိုတင်ပို့ရောင်းချရဖို့ရှိပါတယ်။ ဒီဇင်ဘာလထက် ဇန်နဝါရီလအတွင်း ကင်းမွန်ပိဿာချိန် တော်တော်များများ ပိုမို တင်ပို့ရောင်းချခဲ့ရပါတယ်။ ကုန်များများ တင်ပို့ရောင်းချရတော့ ရေလုပ်ငန်းနဲ့ ဆက်စပ်တဲ့ လုပ်ငန်းတွေ အဆင်ပြေ တာတွေ့ရပါတယ်” ဟု ဒေါ်ဌေးဌေးရီက ပြောပြသည်။ ကင်းမွန်များကို စနစ်တကျ သန့်စင်ပြီး ရန်ကုန်ဈေးကွက်သို့ တင်ပို့ရောင်းချကာ ရန်ကုန်ဈေးကွက်မှ တစ်ဆင့် တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့သို့ ဆက်လက်တင်ပို့ရောင်းချလျက်ရှိ ကြောင်း၊ အဆိုပါ ကင်းမွန်များ ရောင်းအား ကောင်းလာသည့်အတွက် ကုန်သည်များ၊ ရေလုပ်သားများ ပွဲရုံပိုင်ရှင်များ ကုန်တင်ယာဉ်အငှားလိုက်သူများ အဆင်ပြေလျက်ရှိကြောင်း ဖျာပုံမြို့နယ်ရေထွက်ကုန်ပစ္စည်းရောင်းဝယ်ရေးပွဲရုံ ပိုင်ရှင် ဒေါ်ဌေးဌေးရီက ပြောပြ၍ သိရှိရသည်။

Source: ရတနာပုံ သတင်းစာ

Category: Local News