International News

အမေရိကန်နိုင်ငံ၏သွင်းကုန်ခွန်ကောက်ခံမှုအပေါ် တရုတ်နိုင်ငံက ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) ၌ တိုင်ကြားခဲ့

Last Updated:

တရုတ်နိုင်ငံမှသွင်းကုန်များအား အမေရိကန်နိုင်ငံက သွင်းကုန်ခွန် (၁၀) ရာခိုင်နှုန်း တိုးမြှင့် ကောက်ခံမှုသည် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ စည်းမျဉ်းများကို ချိုးဖောက်ခြင်းဖြစ်ပြီး ခွဲခြားဆက်ဆံ ခြင်းဖြစ်သည်ဟု စွပ်စွဲလျက် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) ၌ ၅-၂-၂၀၂၅ ရက်တွင် တရုတ်နိုင်ငံက တိုင်ကြားခဲ့ကြောင်း Wall Street Journal အွန်လိုင်းသတင်း၌ ဖော်ပြခဲ့ပါသည်။        အမေရိကန်နိုင်ငံသည် တရုတ်နိုင်ငံမှ သွင်းကုန်များအပေါ် သွင်းကုန်ခွန် (၁၀) ရာခိုင်နှုန်း ထပ်တိုးကောက်ခံမှုနှင့် အမေရိကန်ဒေါ်လာ (၈၀၀) အောက်ရှိ တန်ဖိုးနည်းပစ္စည်းများအတွက် အကောက်ခွန်ကင်းလွတ်ခွင့်ကို ရုပ်သိမ်းလိုက်ခြင်းကြောင့် WTO ၌ ယင်းသို့ တိုင်ကြားခြင်းဖြစ်ပြီး သွင်းကုန်ခွန်တိုးမြှင့်မှုသည် အခြေအမြစ်မရှိဘဲ လွဲမှားသည့်စွပ်စွဲချက်များတွင် အခြေခံသကဲ့သို့ ၁၉၉၄ ခုနှစ်၊ သွင်းကုန်ခွန်သဘောတူညီချက် (Tariff Agreement) ပါ အမေရိကန်နိုင်ငံ၏ Bound rates ထက် များစွာကျော်လွန်လျက်ရှိသည်ဟု စွပ်စွဲထားကြောင်း ဖော်ပြထားပါသည်။

အကယ်၍ WTO က အမေရိကန်နှင့် တရုတ်နိုင်ငံတို့အကြား ဆွေးနွေးမှုကို သဘောတူလက်ခံ ပါက နှစ်နိုင်ငံအကြား ကုန်သွယ်ရေးအငြင်းပွားမှုကို ဆွေးနွေးအဖြေရှာနိုင်မည့် အခွင့်အလမ်းရှိမည် ဖြစ် ပြီး ရက်ပေါင်း (၆၀)အတွင်း သဘောတူညီမှုမရခဲ့ပါက ယင်းကိစ္စရပ်အား WTO ၌ တရားသူကြီး အဖွဲ့ (Panel of Judges) ထံသို့ တင်ပြနိုင်မည်ဖြစ်ပါသည်။

(ဇစ်မြစ်။ Wall Street Journal)

စီးပွားရေးသံမှူး၊ ဝါရှင်တန်ဒီစီ။

Category: International News