International News

လျှပ်စစ်မော်တော်ကားများ (Electric Vehicle-EV) အတွက် အခွန်ပုံစံအသစ်ကို ထိုင်းနိုင်ငံ၊ နိုင်ငံအဆင့် လျှပ်စစ်မော်တော်ကား မူဝါဒ ကော်မတီက ခွင့်ပြုခဲ့

Last Updated:

ထိုင်းနိုင်ငံတွင် အတွင်းပိုင်းလောင်ကျွမ်းအင်ဂျင်များမှ လျှပ်စစ်စွမ်းအားသုံးအင်ဂျင်များသို့ အသွင်ကူးပြောင်းနိုင်ရေးအတွက် နှစ်မျိုးသုံးမော်တော်ယာဉ်များထုတ်လုပ်မှုကို အထောက်အကူပေး မည့် အခွန်ပုံစံအသစ်ကို နိုင်ငံအဆင့် လျှပ်စစ်မော်တော်ကား မူဝါဒကော်မတီက ခွင့်ပြုခဲ့ကြောင်း သိရှိ ရပါသည်။

နိုင်ငံဝန်ကြီးချုပ် H.E Ms. Paetongtarn Shinawatra ဦးဆောင်သော မူဝါဒကော်မတီက ထိုင်ခုံ ၁၀ လုံးထက်မပိုသော နှစ်မျိုးသုံးလျှပ်စစ်မော်တော်ကား (Hybrid Electric Vehicles-HEV) နှင့် နှစ်မျိုးသုံးလျှပ်စစ်မော်တော်ကားပျော့ (Mild Hybrid Electric Vehicles-MHEV) တို့အတွက် အခွန်ပုံစံ အသစ်ကို ခွင့်ပြုပေးခဲ့ပါကြောင်း၊ ယင်းသို့ဆောင်ရွက်ခြင်းသည် ထိုင်းနိုင်ငံကို အရှေ့တောင်အာရှ၏ လျှပ်စစ်မော်တော်ကားနှင့် လျှပ်စစ်မော်တော်ဆိုင်ကယ်ထုတ်လုပ်မှု၏ အချက်အချာဖြစ်စေရန် ရည်ရွယ်ပါကြောင်း၊ ၂၀၂၄ ခုနှစ်မှ ၂၀၂၇ ခုနှစ်အတွင်း ထပ်ဆောင်းရင်းနှီးမြှုပ်နှံမှုတန်ဖိုး အနည်းဆုံး ဘတ် ၃ ဘီလီယံနှင့် ပြည်တွင်းထုတ် အစိတ်အပိုင်းများကို အသုံးပြုပါက HEV အတွက် ယစ်မျိုးအခွန် သည် နည်းပါးနိုင်ပါကြောင်း၊ ယာဉ်များအနေဖြင့် ယာဉ်မောင်းအထောက်အကူပြုစနစ်များကိုလည်း အရည်အသွေးမီဖြစ်စေရေး အဆင့်မြှင့်တင်ရန် လိုအပ်ပါကြောင်း ရင်းနှီးမြှုပ်နှံမှု ဘုတ်အဖွဲ့ အထွေထွေ အတွင်း ရေးမှူးချုပ် Mr. Narit Therdsteerasukdi က ပြောကြားခဲ့ပါသည်။

ထုတ်လုပ်သူများသည် တင်းကျပ်သော ကာဗွန်ဒိုင်အောက်ဆိုဒ်ထုတ်လွှတ်မှုဆိုင်ရာ လိုအပ် ချက်များနှင့်လည်း ကိုက်ညီရန်လိုအပ်ကြောင်း၊ ၁ ကီလိုမီတာတွင် ကာဗွန်ဒိုင်အောက်ဆိုဒ် ၁၀၀ ဂရမ် အောက်လျော့နည်းထုတ်လွှတ်သည့် HEV ယာဉ်များအတွက် ၂၀၂၆ ခုနှစ်မှ ၂၀၃၂ ခုနှစ်အတွင်း အခွန် နှုန်းထားမှာ ၆ ရာခိုင်နှုန်းဖြစ်ပါကြောင်း၊ ကာဗွန်ဒိုင်အောက်ဆိုဒ် ထုတ်လွှတ်မှု ၁၀၁ ဂရမ်မှ ၁၂၀ ဂရမ် အကြားယာဉ်များအတွက် အခွန်နှုန်းထားသည် ၉ ရာခိုင်နှုန်း ဖြစ်ကြောင်း၊ ယခင် အခွန်ပုံစံအဟောင်း အောက်မှဖြစ်ပါက ၂၀၂၆ ခုနှစ် နောက်ပိုင်းမှစ၍ နှစ်စဉ် အခွန်နှုန်းထား ၂ ရာခိုင်နှုန်း မြင့်တက်မည် ဖြစ်ကြောင်း Mr. Narit က ဖြည့်စွက်ပြောကြားခဲ့ပါသည်။

၁ ကီလိုမီတာတွင် ကာဗွန်ဒိုင်အောက်ဆိုဒ် ၁၀၀ ဂရမ်အောက်လျော့နည်းထုတ်လွှတ်သည့် MHEV ယာဉ်များအတွက် ၂၀၂၆ ခုနှစ်မှ ၂၀၃၂ ခုနှစ်အတွင်း အခွန်နှုန်းထားမှာ ၁၀ ရာခိုင်နှုန်းဖြစ်ပါ ကြောင်း၊ ကာဗွန်ဒိုင်အောက်ဆိုဒ် ထုတ်လွှတ်မှု ၁၀၁ ဂရမ်မှ ၁၂၀ ဂရမ်အကြား ယာဉ်များအတွက် အခွန် နှုန်းထားသည် ၁၂ ရာခိုင်နှုန်း ဖြစ်ကြောင်း၊ MHEV ထုတ်လုပ်သူများသည် ထပ်ဆောင်း ရင်းနှီးမြှုပ်နှံမှုကို ၂၀၂၆ ခုနှစ်တွင် အနည်းဆုံးဘတ် ၁ ဘီလီယံနှင့် ၂၀၂၈ ခုနှစ်တွင် အနည်းဆုံး ဘတ် ၅ ဘီလီယံ မြှုပ်နှံ ရန်နှင့် HEV များကဲ့သို့ပင် ပြည်တွင်း အစိတ်အပိုင်းများကိုလည်း အသုံးပြုရန် ဖြစ်ကြောင်း Mr. Narit က ဆက်လက်ပြောကြားခဲ့ပါသည်။

ကော်မတီက EV3 အစီအမံအောက်မှ ဘတ္တရီလျှပ်စစ်မော်တော်ကား (Battery Electric Vehicle-BEV) များ၏ ထုတ်လုပ်မှုကာလ တိုးမြှင့်ရေးအပေါ်ကိုလည်း သဘောတူခဲ့ပါကြောင်း၊ အဆိုပါ အစီအမံတွင် ထောက်ပံ့မှုများ၊ အလုံစုံတပ်ဆင်ပြီးသောမော်တော်ကားများအတွက် သွင်းကုန်အခွန်များ နှင့် အခွန်ဖြတ်တောက်ပေးမှုတို့ ပါဝင်ကြောင်း၊ လက်ရှိ အစီအမံအရ BEV တင်သွင်းသူများသည် ခံစား ခွင့်များကို ရရှိထားပြီးပါက ၂၀၂၄ ခုနှစ်တွင် တင်သွင်းအရေအတွက်နှင့် ဆတူ မော်တော်ကား  ထုတ် လုပ်ရန်ဖြစ်ပြီး သတ်မှတ်ကာလအတိုင်း ထုတ်လုပ်မှုကို မဆောင်ရွက်နိုင်ပါက ၂၀၂၅ ခုနှစ်တွင် တင်သွင်းအရေအတွက်နှင့် တစ်ဆခွဲ ထုတ်လုပ်ရမည်ဖြစ်ကြောင်း၊ ၂၀၂၂ ခုနှစ်နှင့် ၂၀၂၃ ခုနှစ်တွင် EV3 အစီအမံအောက်မှ လျှပ်စစ်မော်တော်ကား ၈၄,၀၀၀ စီး တင်သွင်းခဲ့ပြီးဖြစ်၍ ၂၀၂၅ ခုနှစ်တွင် ယာဉ် ၁၂၄,၀၀၀ စီး ထုတ်လုပ်ရမည်ဖြစ်ကြောင်း သိရှိရပါသည်။

လက်ရှိတွင် မော်တော်ကား ရောင်းအား ကျဆင်းလျက်ရှိသဖြင့် ကော်မတီအနေဖြင့် ထုတ်လုပ် သူများကို ကူညီသည့်အနေဖြင့် ထုတ်လုပ်မှု ကာလကို တိုးမြှင့်ပေးရန် သဘောတူညီခဲ့ပါကြောင်း၊ ၂၀၂၆ ခုနှစ်တွင် တင်သွင်းပမာဏ၏ ၂ ဆ၊ ၂၀၂၇ ခုနှစ်တွင် တင်သွင်းပမာဏ၏ ၃ ဆ ထုတ်လုပ်ရမည့် ၂၀၂၄ ခုနှစ်မှ ၂၀၂၇ ခုနှစ်အထိ အကျုံးဝင်သည့် အစီအမံ EV3.5 အသစ်ကို ထုတ်ပြန်ခဲ့ပါကြောင်း၊ EV3.0 အစီ အမံအောက်မှ ပြည်တွင်း၌ မော်တော်ကားထုတ်လုပ်ခြင်းသည် EV3.5 အစီ အမံအောက်မှ မော်တော် ကား တင်သွင်းခြင်းထက် ဈေးနှုန်းမြင့်မားနေသဖြင့် ယှဉ်ပြိုင်မှုတွင် အကျိုးမရှိ ဖြစ်စေကြောင်း မော်တော်ကားထုတ်လုပ်သူများက ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

 

Source: www.bangkokpost.com

စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့။

Category: International News