ဈေးကွက်ဈေးနှုန်း

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် သစ်သီးဝလံထုတ်လုပ်မှု စွမ်းရည်မြှင့်တင်ရေးနှင့် တာဝန်ယူမှုရှိသော ခရီးသွားလုပ်ငန်းတို့အကြား စီမံကိန်းအကောင်အထည်ဖော်မှု အခြေအနေနှင့် ပတ်သတ်၍ တွေ့ဆုံဆွေးနွေး

Last Updated:

     

          စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်သည် သစ်သီးဝလံ ထုတ်လုပ်မှုစွမ်းရည်မြှင့်တင်ရေးနှင့် တာဝန်ယူမှုရှိသော ခရီးသွားလုပ်ငန်းတို့အကြား ချိတ်ဆက်လုပ်ကိုင်မှု ဖွံ့ဖြိုးရေးစီမံကိန်း အကောင်အထည်ဖော်မှု အခြေအနေများနှင့်ပတ်သက်၍ စီမံကိန်းဝင် Stakeholders များနှင့်တွေ့ဆုံဆွေးနွေးသည့် အခမ်းအနားကို ဇူလိုင် ၂၇ ရက်တွင် အင်းလေးကန်ဒေသရှိ Ann Heritage Lodge ၌ ကျင်းပခဲ့သည်။

          အခမ်းအနားသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဟိုတယ်/ခရီးသွားဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနများမှ တာဝန်ရှိသူများ၊ ရှမ်းပြည်နယ်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ UNOPS မှ တာဝန်ရှိသူများ၊ ရှမ်းပြည်နယ်အတွင်းရှိ သစ်သီးဝလံနှင့် ခရီးသွားလုပ်ငန်းဆိုင်ရာ အသင်းအဖွဲ့များမှ ကိုယ်စားလှယ်များ၊ အမျိုးသမီးအသင်းအဖွဲ့များမှ ကိုယ်စားလှယ်များ စုစုပေါင်း ၅၀ ခန့်တက်ရောက်ခဲ့ကြသည်။

           အခမ်းအနားတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် နှင့် UNOPS မှ Head of Programme Management Office, Ms Sanitha Pathiyanthara တို့က အဖွင့်အမှာစကားပြောကြားခဲ့ကြသည်။ ထို့နောက် စီမံကိန်းမှ International Coordinator ဖြစ်သူ  Mr. Salesio Zvawadau စီမံကိန်းအကြောင်းအရာနှင့် ပတ်သက်၍ အကျဉ်းချုပ်ရှင်းလင်းတင်ပြခဲ့ပြီး တက်ရောက်လာသည့် ဝန်ကြီးဌာနများနှင့် အသင်းအဖွဲ့များမှ စီမံကိန်းဆိုင်ရာ ဆောင်ရွက်နေမှု အခြေအနေများကို အသီးသီးရှင်းလင်းဆွေးနွေးခဲ့ကြသည်။

           သစ်သီးဝလံ ထုတ်လုပ်မှုစွမ်းရည်မြှင့်တင်ရေးနှင့် တာဝန်ယူမှုရှိသော ခရီးသွားလုပ်ငန်းတို့အကြား ချိတ်ဆက်လုပ်ကိုင်မှုဖွံ့ဖြိုးရေး စီမံကိန်းမှ ထောပတ်သီး၊ လက်ဖက်နှင့် ချင်းသီးနှံ သုံးမျိုး၏ တန်ဖိုးကွင်းဆက်ကို မြှင့်တင်ဆောင်ရွက်ရန် ရွေးချယ်ထားပြီး ခရီးသွားလုပ်ငန်းကဏ္ဍနှင့် ချိတ်ဆက်ဆောင်ရွက်သွားမည်ဖြစ်သည်။ အကောင်အထည်ဖော်ဆောင်ရွက်မည့် ဒေသများအဖြစ် ညောင်ရွှေ၊ ပင်းတယ၊ ကလော၊ ရွာငံ၊ ပင်လောင်း၊ ဟိုပုံး၊ တောင်ကြီးနှင့်ဖယ်ခုံမြို့နယ်များကို ရွေးချယ်ထားရှိသည်။ စီမံကိန်း၏ ကနဦးအစီရင်ခံစာကို ဆွစ်ဇာလန်နိုင်ငံရှိ ကမ္ဘာလုံးဆိုင်ရာ စီမံကိန်းခန့်ခွဲမှုဘုတ်အဖွဲ့ (Global Management Board- GMB )ကို တင်ပြအတည်ပြုချက် ရယူထားပြီး နှစ်အလိုက် လုပ်ငန်းစီမံချက်များရေးဆွဲ၍ အကောင်အထည်ဖာ်ဆောင်ရွက်သွားမည်ဖြစ်သည်။

ကမ္ဘောဇကုန်သွယ်မှုဗဟိုဌာန