Local News

အတက်နှေးနေတဲ့မတ်ပဲဈေးအလားအလာ

Last Updated:

ယခုသီတင်းပတ်ရဲ့ မတ်ပဲဈေးနှုန်းများကတော့ အများမျှော်လင့်ထားသလို ဈေးဆက်တက် မလာပဲ ယခင်အတိုင်း ဈေးတန်းတစ်ခုအတွင်းမှာတက်လိုက်ကျလိုက်ဖြစ်နေပါတယ်။ 

အဓိကဝယ်လက်ဖြစ်တဲ့ အိန္ဒိယနိုင်ငံကထုတ်ပြန်တဲ့သတင်းတွေမှာတော့ သတင်းဌာန တစ်ခု တည်းကနေပဲ သတင်းကအမျိုးမျိုးဖြစ်နေတာတွေ့ရပါတယ်။ မိုးများနေလို့ မတ်ပဲစိုက်ဧကတွေ ပျက်စီးတာ၊ မတ်ပဲအထွက်နှုန်းနဲ့ အရည်အသွေးတွေကျဆင်းတာ ဖော်ပြတာရှိသလို တခါတရံ မတ်ပဲအသစ်တွေဈေးကွက်အတွင်း အဆက်မပြတ်ဝင်ရောက်နေပြီး အရည်အသွေးလည်း ကောင်းမွန်တယ်လို့ ရေးသားဖော်ပြကြပြန်ပါတယ်။

သို့သော်လည်း Agri World ကတော့ ယခင်နှစ်နဲ့ ယခုနှစ် မိုးစိုက်သီးနှံမတ်ပဲနဲ့ ပဲစဉ်းငုံတို့ရဲ့ စိုက်ပျိုးထွက်ရှိမှုခန့်မှန်းချက်ကို တင်ပြပေးထားပါတယ်။ ယခုနှစ် စိုက်ပျိုးထွက်ရှိမှုမှာ ယခင်နှစ် ထက်ပိုမိုကျဆင်းနေပြီး တောင်သူတွေအနေနဲ့လည်း ယခုနှစ်မိုးများတာကြောင့် အကျိုးအမြတ်များ စွာထိခိုက်ရကြောင်းဖော်ပြထားပါတယ်။

မိုးစိုက်သီးနှံပျက်စီးမှုများပြားတဲ့သတင်းတွေ အများအပြားတွေ့နေရပြီး ပြည်နယ်အသီးသီး မှာရှိတဲ့ပဲခွဲစက်တွေကလည်း အဝယ်လိုက်လာနေတာကြောင့် အိန္ဒိယမှာ မတ်ပဲဈေးတက်လာနိုင် တယ်လို့ ခန့်မှန်းနေကြပါတယ်။ ဒါကြောင့် မြန်မာမတ်ပဲဈေးလည်း အထိုက်အလျောက် မြင့်တက် လာနိုင်တယ်လို့ ခန့်မှန်းရပါတယ်။

ဧရာဝတီတိုင်းဒေသကြီးမှာ ယခုသီတင်းပတ်အတွင်းဖြစ်ပေါ်ခဲ့တဲ့ မတ်ပဲဈေးနှုန်းများကတော့ စက်တင်ဘာလ ၁၇ ရက်နေ့မှာ တစ်တင်းလျှင် ကျပ် ၆၇၅၀၀၊ ၁၈ ရက်နေ့မှာ ကျပ် ၆၇၀၀၀၊ ၁၉ ရက်နေ့မှာ ကျပ် ၆၆၅၀၀၊ ၂၀ ရက်နေ့မှာ ကျပ် ၆၅၁၀၀၊ ၂၁ ရက်နေ့မှာ ကျပ် ၆၅၉၀၀၊ ၂၂ /၂၃ ရက်နေ့များမှာကျပ် ၆၅၂၀၀ အသီးသီးဖြစ်ပါတယ်။

လက်ရှိမတ်ပဲဈေးနှုန်းသည် နေ့စဉ်ရွှေေဈေးနှုန်းနှင့် ဒေါ်လာဈေးနှုန်း များအပေါ် မူတည်ပြီး အတက်အကျဖြစ်နေကြောင်းတွေ့ရပါတယ်။ အဓိကဝယ်လက်နိုင်ငံရဲ့ လက်ရှိရာသီဥတု အခြေ အနေနဲ့ ပဲဝယ်လိုအားတွေအပေါ်မူတည်ပြီး ဝယ်ယူတင်သွင်းမှုများလာရင် ဈေးကောင်းရလာနိုင် မယ် ခန့်မှန်းထားကြတာဖြစ်ပါတယ်။

မနေ့က ၂၂--၂၀၂၂ ရက်နေ့မှာလည်း မြန်မာနိုင်ငံ စိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ အိန္ဒိယနိုင်ငံဆိုင်ရာမြန်မာသံအမတ်ကြီးတို့ IPGA အဖွဲ့ဝင်များနဲ့ မွန်ဘိုင်း မြို့ မှာ တွေ့ဆုံပြီး နှစ်နိုင်ငံအကြားကုန်သွယ်မှုဆိုင်ရာ ကိစ္စရပ်များကို ပူးပေါင်းပြီး တိုးမြှင့်ဆောင်ရွက် သွားရေးဆွေးနွေးခဲ့ကြောင်းသိရှိရပါတယ်။

Category: Local News