မတ်လ ဒုတိယပတ်အတွင်း မုံရွာကုန်စည်ဒိုင်သို့ ချောင်းဦးနှင့်မြောင်မြို့နယ်ဘက်မှ ဆီထွက်သီးနှံများ ဝင်ရောက်လျက်ရှိပြီး ဆီထွက်သီးနှံများ၏ ဈေးကွက်အခြေအနေမှာ လက်ကျန် နည်း၍ ရန်ကုန်၊ မန္တလေးမြို့ကြီးများသို့ တင်ပို့လျက်ရှိသောကြောင့် ဈေးအနည်းငယ်မြင့်တက်လာ ကြောင်းသိရပါသည်။
ယခုတစ်ပတ်အတွင်း နှမ်းနက် တစ်တင်း ၂၀၀၀၀၀ ကျပ်မှ ၂၄၅၀၀၀ ကျပ်ထိ၊ နှမ်းဖြူ တစ်တင်း ၁၂၀၀၀၀ ကျပ်မှ ၁၃၀၀၀၀ ကျပ်ထိရှိပြီး ယခင်တစ်ပတ်ကာလတူအချိန် ပေါက်ဈေးနှုန်းမှာ နှမ်းနက် တစ်တင်း ၂၀၀၀၀၀ ကျပ်မှ ၂၄၀၀၀၀ ကျပ်ထိ၊ နှမ်းဖြူ တစ်တင်း ၁၀၅၀၀၀ ကျပ်မှ ၁၁၇၀၀၀ ကျပ်ထိရှိပြီး ကာလတူအချိန် ပေါက်ဈေးနှုန်းနှင့်နှိုင်းယှဉ်ပါက နှမ်းဖြူ တစ်တင်း ၁၅၀၀၀-၁၃၀၀၀ ကျပ်နှင့် နှမ်းနက် တစ်တင်း ၅၀၀၀ ကျပ်ဈေးနှုန်း မြင့်တက်နေကြောင်းသိရပါသည်။
ယခုတစ်ပတ်အတွင်း မြေပဲလုံးဆံပေါက်ဈေးနှုန်းနှင့် ဆီဈေးနှုန်းများမှာ မြေပဲလုံးဆံဖြူ တစ်ပိဿာ ၁၀၇၀၀-၁၁၀၀၀ ကျပ်၊ မြေပဲလုံးဆံနီ တစ်ပိဿာ ၁၀၇၀၀ ကျပ်၊ မြေပဲဆီဆံဖြူ တစ်ပိဿာ ၁၀၅၀၀ ကျပ်ထိရှိပြီး ယခင်တစ်ပတ်ကာလတူ အချိန်ပေါက်ဈေးနှုန်းမှာ မြေပဲလုံးဆံဖြူ တစ်ပိဿာ ၉၆၀၀-၉၇၀၀ကျပ်၊ မြေပဲလုံးဆံနီ တစ်ပိဿာ ၉၆၀၀ကျပ်၊ မြေပဲဆီဆံဖြူ တစ်ပိဿာ ၉၄၀၀ ကျပ်ရှိ၍ ကာလတူအချိန်နှင့် ပေါက်ဈေးနှိုင်းယှဉ်ပါက မြေပဲလုံးဆံဖြူ တစ်ပိဿာ ၁၁၀၀-၁၃၀၀ကျပ်၊ မြေပဲလုံးဆံနီ တစ်ပိဿာ ၁၁၀၀ကျပ်၊ မြေပဲဆီဆံဖြူ တစ်ပိဿာ ၁၁၀၀ ကျပ်နှုန်းမြင့် တက်နေကြောင်းသိရသည်။
မတ်လ ဒုတိယပတ်အတွင်း ပဲဆီ တစ်ပိဿာ ၁၇၀၀၀ ကျပ်၊ နှမ်းဆီ တစ်ပိဿာ ၁၄၅၀၀ ကျပ် ဖြစ်ပြီး ပဲဖတ် တစ်ပိဿာ ၇၁၀၀ ကျပ်၊ နှမ်းဖတ် တစ်ပိဿာ ၅၀၀၀ ကျပ်၊ နေကြာဖတ် တစ်ပိဿာ ၃၉၀၀ ကျပ်ဖြင့် ရောင်းဝယ်လျက်ရှိကြောင်းသိရပါသည်။