International News

ဆီအုန်းထုတ်ကုန်များ ပိုမိုယှဉ်ပြိုင်နိုင်မှုရှိစေရေး အင်ဒိုနီးရှားစိုက်ပျိုးသူများက အစိုးရ မူဝါဒများ ပြုပြင်ပြောင်းလဲပေးရန် တောင်းဆို

Last Updated:

အင်ဒိုနီးရှားစားအုန်းဆီအသင်း ဥက္ကဋ္ဌ Eddy Martono က “ကမ္ဘာ့ဈေးကွက်တွင် အင်ဒိုနီးရှားနိုင်ငံ၏ ဆီအုန်းထုတ်ကုန်များ ပိုမိုယှဉ်ပြိုင်နိုင်စွမ်းရှိစေရေးအတွက် အစိုးရ၏ မူဝါဒမှာ အရေးကြီးကြောင်း၊ နေကြာဆီကဲ့သို့ အခြားဟင်းသီးဟင်းရွက်ဆီ ဈေးနှုန်းထက် အင်ဒိုနီးရှား စားအုန်းဆီဈေးနှုန်းမှာ ဈေးပိုကြီးသည့်အတွက် အင်ဒိုနီးရှားဆီအုန်း ထုတ်ကုန်များ အဓိကတင်ပို့လျက်ရှိသည့် တရုတ်နိုင်ငံက အင်ဒိုနီးရှားနိုင်ငံမှ တင်သွင်းမှုကို လျှော့ချခဲ့ကြောင်း၊ ဆီအုန်းဈေးနှုန်းမှာ အခြားဟင်းသီး ဟင်းရွက်ဆီထက် ပိုဈေးကြီးသည့် အတွက် အင်ဒိုနီးရှားနိုင်ငံမှ တင်သွင်းမှုကို လျှော့ချပြီး ဟင်းသီးဟင်းရွက်ဆီကို ပိုမို တင်သွင်းကြောင်း” တရုတ်နိုင်ငံသို့ အင်ဒိုနီးရှားနိုင်ငံ၏ ပို့ကုန်ကျဆင်းမှုနှင့်စပ်လျဉ်း၍ ပြန်လည်ရှင်းလင်းမှုတွင် ပြောကြားခဲ့ပါသည်။

“အစိုးရအနေဖြင့် ဆီအုန်းကဏ္ဍကို ကူညီထောက်ပံ့ရန်အတွက် ငွေကြေးမူဝါဒနည်းလမ်းကို အသုံးပြုနိုင်ကြောင်း၊ ဈေးနှုန်းကျဆင်းစေရန်အတွက် ဆောင်ရွက်နိုင်သည့် နည်းလမ်းများ အနက်တစ်ခုမှာ အခွန်နှုန်းလျှော့ချပေးခြင်းဖြစ်ကြောင်း၊ ထိုသို့ပြုလုပ်ပေးခြင်းဖြင့် ဆီအုန်း ဈေးနှုန်းများ ပိုမိုယှဉ်ပြိုင်မှုရှိလာမည်ဖြစ်ကြောင်း၊ ကမ္ဘာ့ဟင်းသီးဟင်းရွက်ဆီဈေးကွက်တွင် စားအုန်းဆီက ၅၀ ရာခိုင်နှုန်းကျော် ဈေးကွက်ပိုင်ဆိုင်ထားပါက ဈေးကွက်ကို ထိန်းချုပ် နိုင်မည်ဖြစ်ကြောင်း၊ အင်ဒိုနီးရှားနိုင်ငံ၏ ဆီအုန်းထုတ်ကုန်များသည် ဈေးကွက်ဝေစု ၅၀ ရာခိုင်နှုန်းကျော်ပိုင်ဆိုင်ထားပါက အင်ဒိုနီးရှားနိုင်ငံအနေဖြင့် ဈေးနှုန်းကို ထိန်းချုပ်နိုင်မည် ဖြစ်ပြီး နိုင်ငံအကျိုးရရှိစေရေး လိုသလိုဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ ကမ္ဘာ့စားအုန်းဆီ ဈေးနှုန်းကို ရောင်းလိုအား၊ ဝယ်လိုအားနှင့် သတ်မှတ်လျက်ရှိပြီး ကမ္ဘာ့ဒုတိယအကြီးဆုံး ဆီအုန်းစိုက်ပျိုးသည့် မလေးရှားနိုင်ငံသည်လည်း ဈေးနှုန်းကို မသတ်မှတ်နိုင်‌ကြောင်း” Eddy Martono က ပြောကြားခဲ့ပါသည်။

Statistics Indonesia ၏ အချက်အလက်များအရ အင်ဒိုနီးရှာနိုင်ငံ၏ စားအုန်းဆီကြမ်းနှင့် ဆီအုန်းထုတ်ကုန် တင်ပို့မှုမှာ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လတွင် တန်ချိန် ၁.၆၂ သန်းဖြစ်ပြီး ၂၀၂၃ ခုနှစ်၊ ဇူလိုင်လတွင် တင်ပို့မှုမှာ တန်ချိန် ၂.၇၅ သန်းဖြစ်ကြောင်း၊ တန်ဖိုးအားဖြင့် ၂၀၂၃ ခုနှစ်၊ ဇူလိုင်လတွင် အမေရိကန်ဒေါ်လာ ၂.၂၈ ဘီလီယံရရှိခဲ့ပြီး ၂၀၂၄ ခုနှစ်၊ ဇူလိုင်လတွင် အမေရိကန်ဒေါ်လာ ၁.၃၉ ဘီလီယံသာရရှိခဲ့ပါသည်။

အင်ဒိုနီးရှားနိုင်ငံအနေဖြင့် ၎င်း၏ စီးပွားရေးအရ အားသာချက်ရရှိထားသည့်၊ အဓိက တင်ပို့ကုန်ဖြစ်သည့် ဆီအုန်းနှင့် ဆီအုန်းထုတ်ကုန်များဖြင့် ကမ္ဘာ့ဈေးကွက်ကို လွှမ်းမိုးနိုင်ရေး ဆောင်ရွက်လာနိုင်ကြောင်း သုံးသပ်တင်ပြအပ်ပါသည်။

 

ရင်းမြစ်။        Indonesian Palm Oil Association

စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ စင်ကာပူမြို့

Category: International News