Local News

ဖြူးမြို့နယ်၌ ဒူးရင်းသီးဈေးကွက် စတင်ပေါ်သည့်ကာလထက် အသီးပါးချိန်ကာလတွင် ပိုမိုဈေးကောင်းပြီး အဝယ်လိုက်လျက်ရှိ

Last Updated:

ပဲခူးတိုင်းဒေသကြီး ဖြူးမြို့နယ်၌ ရောင်းချနေသည့် ဒူးရင်းသီးဈေးကွက်မှာ ယခင်နှစ်များထက် ဈေးကောင်းပေးဝယ်ရသော်လည်း အဝယ်လိုက်နေလျက်ရှိပြီး စတင်ပေါ်သည့်ကာလထက် အသီးပါးချိန်နီးလာသည်နှင့် ပိုမိုဈေးကောင်းနေလျက်ရှိကြောင်း သိရသည်။ ဖြူးမြို့နယ်တွင် ဒူးရင်းသီးပေါ်ချိန်ရာသီကာလတွင် ရောင်းချသည့် ဒူးရင်းသီးဆိုင်များမှာ ရန်ကုန်-မန္တလေးလမ်းဟောင်းဘေးတွင် ရောင်းချမှုများပြီး ရောင်းချသည့်အသီးများမှာ အများအားဖြင့် ကျောက်ကြီးမြို့နယ်အတွင်းရှိ ဖြူးမြို့နယ်၏ အရှေ့ဘက် စစ်တောင်းမြစ်တစ်ဖက်ကမ်း မုန်းနှင့် ကျောက်ကြီးပေါက်စသည့် ဒေသထွက် အသီးများအား ဒူးရင်းသီးထွက်ရှိချိန် မေလပိုင်းမှ စတင်ကာ အောက်တိုဘာလအထိ မှာယူ  ပြန်လည်ရောင်းချခြင်းဖြစ်ကြောင်း သိရသည်။

“ဈေးနှုန်းကတော့ ဒူးရင်းသီးထွက်ရှိတဲ့ အချိန်ကဆိုရင် အနိမ့်ဆုံးဈေး အလုံးငယ် တစ်လုံး ငွေကျပ် ၅၀၀၀ ၊ အမြင့်ဆုံးဈေး အလုံးကြီးတစ်လုံး ငွေကျပ် ၂၅၀၀၀ အထိ အရွယ်အစားအလုံးတွေပဲ ကျွန်မတို့ မှာယူရောင်းပါသည်။ ၁၀ လပိုင်းလဝက်လောက်ဆို အသီးတုံးပါပြီ။ အခုထိတော့ ဈေးနှုန်းက ပိုကောင်းနေပါသည်” ဟု ဒူးရင်းသီး ရောင်းချ သူတစ်ဦးဖြစ်သည့် ဒေါ်နွဲ့က ပြောကြားပါသည်။ ဒူးရင်းသီးဈေးကွက်အရ ထိုထက်ဈေးမြင့်သည်များလည်းရှိပြီး ဖြူးဒေသအတွင်း ရောင်းချသည့် ဒူးရင်းသီးများအား အများဆုံးဝယ်ယူသူများမှာ အခြားဒေသများမှ ဆိုင်ကယ်များ၊ ကိုယ်ပိုင်ကားများ၊ ခရီးသည်တင်ယာဉ်များဖြင့် လမ်းကြုံဝယ်ယူသူ ပိုမိုများပြားပြီး ကျောက်ပန်းတောင်း၊ တောင်ကြီး၊ လားရှိုးမြို့များသို့လည်း တင်ပို့ရောင်းချပေးရကြောင်း သိရှိရပါသည်။

Source: The Mirror Daily

Category: Local News