International News

စိုက်ပျိုးရေးကုန်ကြမ်းများတွင် ဓာတုညစ်ညမ်းမှုကို ထိန်းချုပ်ရန် အရေးကြီးကြောင်း အိန္ဒိယနိုင်ငံ စားနပ်ရိက္ခာဘေးကင်းလုံခြုံရေးနှင့် စံချိန်စံညွှန်းဆိုင်ရာ အာဏာပိုင်အဖွဲ့ (FSSAI) အလေးပေးပြောကြား

Last Updated:

အိန္ဒိယနိုင်ငံ စားနပ်ရိက္ခာဘေးကင်းလုံခြုံရေးနှင့် စံချိန်စံညွှန်းဆိုင်ရာ အာဏာပိုင်အဖွဲ့ (The Food Safety and Standards Authority of India- FSSAI) ၏ အမှုဆောင်ဒါရိုက်တာ Inoshi Sharma က ကောက်ပဲသီးနှံများ၊ သစ်သီးများနှင့် ဟင်းခတ်အမွှေးအကြိုင်များတွင် အများဆုံး ဓါတ်ကြွင်းပါဝင်မှုအဆင့်များ (Maximum Residue Levels) ကို ပြဋ္ဌာန်းရန်၊ ပုံမှန်စစ်ဆေးမှုများ ပြုလုပ်ရန်နှင့် ပိုးသတ်ဆေးအလွန်အကျွံသုံးစွဲခြင်း၏ အန္တရာယ်များကို ဝယ်ယူသူများအား အသိ ပညာပေးရန် တောင်းဆိုခဲ့သည်။ စားသောက်ကုန်ကဏ္ဍ တိုးတက်မှုအတွက် စိုက်ပျိုးရေး ကုန်ကြမ်းများတွင် ဓာတုညစ်ညမ်းမှုကို ထိန်းချုပ်ရန် အရေးကြီးကြောင်း FSSAI က မကြာသေးမီက မီးမောင်းထိုးပြခဲ့ကြောင်း The Hindu Businessline သတင်းဌာနက ယခုလ ၇ ရက်က ဖော်ပြသည်။

ကော်လ်ကတ္တား စားနပ်ရိက္ခာ ဘေးကင်းလုံခြုံရေးနှင့် စံချိန်စံညွှန်းဆိုင်ရာ အာဏာပိုင်အဖွဲ့ (Kolkata-FSSAI) က စိုက်ပျိုးရေးကုန်ကြမ်းများတွင် ဓာတုညစ်ညမ်းမှုကို ထိန်းချုပ်ခြင်းသည် စားသောက်ကုန်ကဏ္ဍကို မြှင့်တင်ရန် မရှိမဖြစ်လိုအပ်ကြောင်း စက်တင်ဘာလ ၇  ရက်နေ့ က အခိုင်အမာ ပြောကြားခဲ့သည်။

FSSAI အမှုဆောင်ဒါရိုက်တာ Inoshi Sharma က ကောက်ပဲသီးနှံများ၊ သစ်သီးများနှင့် ဟင်းခတ်အမွှေးအကြိုင်များတွင် အများဆုံးဓါတ်ကြွင်းပါဝင်မှုအဆင့်များ (MRLs) ကို ပြဋ္ဌာန်းခြင်း သည် သိသာထင်ရှားသော စိန်ခေါ်မှုတစ်ရပ်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဘာရက်ကုန်သည်စက်မှုအသင်း (Bharat Chamber of Commerce) မှ စီစဉ်ကျင်းပသည့် အခမ်းအနားတစ်ခုတွင် ပုံမှန်စစ်ဆေးမှုများပြုလုပ်ရန်၊ သတ်မှတ်စည်းမျဉ်းစည်းကမ်းများနှင့်ကိုက်ညီမှုမရှိသော ထုတ်ကုန်များကို လယ်ယာလုပ်ငန်းခွင်မှ စတင်ထွက်ရှိလာချိန်၌ပင် ငြင်းပယ်မှု ပြုရန် လိုအပ်ကြောင်း ၎င်းက အလေးပေးပြောကြားခဲ့သည်။

Sharma သည် ပိုးသတ်ဆေးများ အလွန်အကျွံသုံးစွဲခြင်းကြောင့် စိုက်ပျိုးရေးကုန်ကြမ်းများ တွင် ညစ်ညမ်းမှုဖြစ်စေနိုင်သည့် ဆိုးကျိုးများအကြောင်း ဝယ်ယူသူများအား အသိပညာပေးခြင်း၏ အရေးပါမှုကိုလည်း အလေးပေးဖော်ပြခဲ့သည်။ အဆိုပါကိစ္စကို ဖြေရှင်းဆောင်ရွက်ရန် ဝန်ကြီးဌာန အသီးသီးမှ ကိုယ်စားလှယ်များပါဝင်သော ကော်မတီတစ်ရပ် ဖွဲ့စည်းသွားရန် အစီအစဉ်ရှိကြောင်း ၎င်းက ထုတ်ပြန်ကြေညာခဲ့သည်။

ထို့အပြင် Sharma က တိကျသော ကုန်ပစ္စည်းအညွှန်း အမှတ်အသား ဖော်ပြရန် လိုအပ်ကြောင်း၊ စားသောက်ကုန်လုပ်ငန်းအဖွဲ့အစည်းများ (Food Business Organizations-FBOs) အနေဖြင့် စားသုံးသူများ အထင်အမြင်လွဲမှားစေသော ဖော်ပြချက်များကို ရှောင်ရှားရန် လိုအပ် ကြောင်း အလေးပေးပြောကြားခဲ့သည်။ ၎င်းအနေဖြင့် FBOs များအကြားတွင် ‘ကိုယ်တိုင် ကိုက်ညီမှု ရှိခြင်း (Self-Compliance)’ ဆိုင်ရာ ယဉ်ကျေးမှုရှိရေးကို ထောက်ခံအားပေးပြီး စံချိန်စံညွှန်းများကို လိုက်နာမှုရှိစေရန်အတွက် လက်မှတ်ရ third parties ကို ခန့်အပ်ရန်လည်း အကြံပြုပြောကြား ခဲ့သည်။

Bharat Chamber မှ အကြီးတန်း ဒုတိယဥက္ကဋ္ဌ Naresh Pachisia က သီးနှံများ ထုတ်လုပ် စဉ်က အသုံးပြုသည့် ဓာတုဓါတ်ကြွင်းများကို ရှာဖွေတွေ့ရှိခြင်းကြောင့် အစားအသောက်ပြုပြင် ထုတ်လုပ်သူများအတွက် နစ်နာဆုံးရှုံးမှုများ မကြာခဏဖြစ်ပေါ်စေပြီး၊ ကိစ္စအများအပြားတွင် ပြုပြင်ထားသော အစားအသောက်များပြည်ပသို့ တင်ပို့ရောင်းချမှုကို ဖျက်သိမ်းခံရခြင်းမျိုး တွေ့ကြုံရ လေ့ရှိကြောင်း ထောက်ပြပြောကြားခဲ့သည်။ စိုက်ပျိုးရေးနှင့် လယ်ယာလုပ်ငန်းခွင်များနှင့် ရိတ်သိမ်း ချိန်လွန် လုပ်ငန်းစဉ်များတွင် အသုံးပြုသည့် ဓာတုပစ္စည်းများနှင့် ပတ်သက်၍ အသိပညာရှိမှုနှင့် သတိထားသုံးစွဲမှု တိုးမြင့်လာစေရန် ၎င်းက တောင်းဆိုခဲ့သည်။

သို့ပါ၍ အိန္ဒိယနိုင်ငံတွင် စားနပ်ရိက္ခာဘေးကင်းလုံခြုံရေးနှင့် စံချိန်စံညွှန်းဆိုင်ရာ အာဏာပိုင် အဖွဲ့ (FSSAI) အနေဖြင့် လယ်ယာ စိုက်ပျိုးရေးထုတ်ကုန်များတွင် ပိုးသတ်ဆေးနှင့် ဓါတုဓါတ်ကြွင်း များပါဝင်မှုကို ထိန်းချုပ်ရန်နှင့် အသိပညာပေးရန် အလေးထားဆောင်ရွက်လျက်ရှိကြောင်းနှင့် မြန်မာ နိုင်ငံမှ လယ်ယာစိုက်ပျိုးရေးထုတ်ကုန်များနှင့် ပြုပြင်ပြီးစားသောက်ကုန်များကို အိန္ဒိယနိုင်ငံသို့ တင်သွင်းမည်ဆိုပါက စားနပ်ရိက္ခာဘေးကင်းလုံခြုံရေးနှင့် စံချိန်စံညွှန်းဆိုင်ရာ သတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိရန်နှင့် ထုတ်ကုန်ပစ္စည်း အညွန်းအမှတ်အသားများကိုလည်း တိကျစွာဖော်ပြရန် လိုအပ်ကြောင်း သိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။

 

ရည်ညွှန်း။          The Hindu Businessline: FSSAI stresses importance of controlling chemical contamination in agricultural raw materials, September 7, 2024

(ကောင်းထွဋ်အောင်၊ စီးပွားရေးသံမှူး၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ကော်လ်ကတ္တားမြို့)

၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၉ ရက်။

Category: International News