International News

၂၀၄၀ ပြည့်နှစ်တွင် အရှေ့တောင်အာရှ၌ ခရီးသည်တင်လျှပ်စစ်ယာဉ်အသုံးပြုမှုအများဆုံးဖြစ်လာမည့် စင်ကာပူနိုင်ငံ

Last Updated:

BloombergNEF ၏ အစီရင်ခံစာအရ စင်ကာပူနိုင်ငံသည် ၂၀၄၀ ပြည့်နှစ်တွင် အရှေ့တောင်အာရှ၌ ခရီးသည်တင်လျှပ်စစ်ယာဉ်အများဆုံးအသုံးပြုမည့် နိုင်ငံဖြစ်ကြောင်း မျှော်မှန်းထားပါသည်။ ခရီးသည်တင်ယာဉ်အားလုံး၏ ၈၀ ရာခိုင်နှုန်းမှာ လျှပ်စစ်ယာဉ်များဖြစ်ရန် မျှော်မှန်းထားပြီး ဒေသတွင်းလျှပ်စစ်ယာဉ်များ၏ ပျမ်းမျှရာခိုင်နှုန်းဖြင့် နှိုင်းယှဉ်ပါက ၂၄ ရာခိုင်နှုန်းဖြစ်မည်ဟု ခန့်မှန်းထားပါသည်။

စင်ကာပူနိုင်ငံတွင် ၂၀၂၃ ခုနှစ်၌ ရောင်းချခဲ့သည့် ယာဉ်အားလုံး၏ ၁၉ ရာခိုင်နှုန်းမှာ လျှပ်စစ် ယာဉ်များဖြစ်ပြီး ထိုင်းနိုင်ငံ၊ ဗီယက်နမ်နိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံ၊ မလေးရှားနိုင်ငံ၊ စင်ကာပူနိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံတို့အနက် လျှပ်စစ်ယာဉ်အသုံးပြုမှုအမြင့်ဆုံးနိုင်ငံဖြစ်ကြောင်း၊ ၂၀၂၃ ခုနှစ်တွင် အရှေ့တောင်အာရှ၌ လျှပ်စစ်ယာဉ်အားသွင်းနိုင်သည့် နေရာများ အများဆုံးရှိပြီး လျှပ်စစ် ယာဉ် ၃ စီးလျှင် အားသွင်းနိုင်သည့် နေရာ ၁ ခုနှုန်းရှိကြောင်း BloombergNEF အရ သိရှိရ ပါသည်။ စင်ကာပူနိုင်ငံ၊ ကုန်းလမ်းပို့ဆောင်ရေးအာဏာပိုင်အဖွဲ့ (Land Transport Authority) ၏ အချက်အလက်များအရ ၂၀၂၄ ခုနှစ်၊ ပထမ ၇ လအတွင်း ကားအသစ် မှတ်ပုံတင်မှု၏ ၃၂.၁ ရာခိုင်နှုန်းမှာ လျှပ်စစ်ယာဉ်များဖြစ်ပါသည်။

“ဘက်ထရီဈေးနှုန်းကျဆင်းခြင်းသည် လျှပ်စစ်ယာဉ်အသုံးပြုမှုအတွက် အဓိကဖြစ်ကြောင်း၊ လျှပ်စစ်ယာဉ်တွင် ဈေးအကြီးဆုံးအစိတ်အပိုင်းမှာ ဘက်ထရီဖြစ်ကြောင်း၊ ဘက်ထရီဈေးနှုန်း ကျဆင်းခြင်းသည် လျှပ်စစ်ယာဉ်ဈေးနှုန်းကို ကျဆင်းစေပြီး လောင်စာဆီသုံးယာဉ်များထက် ယှဉ်ပြိုင်မှုပိုမိုရရှိစေကြောင်း” BloombergNEF ၏ အစီရင်ခံစာရေးသားသူ Ms. Komal Kareer က ပြောကြားခဲ့ပါသည်။

ဈေးကွက်တွင် ဘက်ထရီအရေအတွက် ၂ ဆဖြစ်တိုင်း ဘက်ထရီဈေးနှုန်းမှာ ၁၇ ရာခိုင်နှုန်း ကျဆင်းမည်ဟု BloombergNEF က ခန့်မှန်းထားပါသည်။ ၂၀၁၀ ပြည့်နှစ်မှ ၂၀၂၃ ခုနှစ် အတွင်း ဘက်ထရီဈေးနှုန်းမှာ ၉၀ ရာခိုင်နှုန်း ကျဆင်းခဲ့ပါသည်။ ၂၀၂၃ ခုနှစ်တွင် လျှပ်စစ်ယာဉ်ဆိုင်ရာအထောက်အကူပြုမူဝါဒများ၊ ဒေသတွင်း၌ တရုတ်နိုင်ငံ ယာဉ် ထုတ်လုပ်သူများ ပိုမိုများပြားလာမှုတို့ကြောင့် အရှေ့တောင်အာရှ၌ ခရီးသည်တင် လျှပ်စစ်ယာဉ် နှစ်စဉ်ရောင်းချရမှုမှာ ၃ ဆဖြစ်ခဲ့ပါသည်။ ၂၀၂၃ ခုနှစ်တွင် စင်ကာပူနိုင်ငံမှ ၅၇၃၄ စီးအပါအဝင် အရှေ့တောင်အာရှ၌ ခရီးသည်တင်လျှပ်စစ်ယာဉ်ပေါင်း ၁၅၃,၀၀၀ ကျော် ရောင်းချခဲ့ပြီး အဆိုပါအရေအတွက်တွင် hybrid လျှပ်စစ်ယာဉ်များလည်း ပါဝင်ပါသည်။

“စင်ကာပူနိုင်ငံ၏ လျှပ်စစ်ယာဉ်အသုံးပြုမှုနှုန်းမြင့်တက်ရခြင်း၏ အဓိကအချက်မှာ ယာဉ်ပိုင်ရှင်များကို ၁၀ နှစ်ပြည့်တိုင်း ယာဉ်ပြောင်းလဲရန်သတ်မှတ်သည့် စနစ် (certificate of entitlement system) ကြောင့်ဖြစ်ကြောင်း၊ ဒေသတွင်းအခြားနိုင်ငံများတွင် ယာဉ်ပိုင်ရှင်များ သည် ၎င်းတို့၏ယာဉ်ကို ၁၀ နှစ်ထက်ပို၍ အသုံးပြုနိုင်ပြီး အဆိုပါယာဉ်ကို စီးပွားရေးအရ အသုံးပြုနိုင်ခြင်းမရှိသည့် အခြေအနေအထိ အသုံးပြုကြပြီး အဟောင်းဈေးကွက်တွင် ရောင်းချနိုင်ကြောင်း၊ ၂၀၂၅ ခုနှစ်မှစ၍ ဒီဇယ်ယာဉ်အသစ်များ သို့မဟုတ် ဒီဇယ်အငှားယာဉ် အသစ်များကို မှတ်ပုံတင်နိုင်မည်မဟုတ်ကြောင်း၊ ထိုသို့သောမူဝါဒများသည် လျှပ်စစ်ယာဉ် အသုံးပြုမှုကို အားပေးကြောင်း” Singapore University of Social Sciences မှ Transport Economist ဖြစ်သူ Walter Theseira က ပြောကြားခဲ့ပါသည်။

စင်ကာပူနိုင်ငံသည် ၂၀၃၀ ပြည့်နှစ်တွင် အများပြည်သူသုံး ဘတ်စ်ကား စီးရေ ၆၀၀၀ ရှိနိုင် သည့်အနက် စီးရေ ၃၀၀၀ ကို လျှပ်စစ်ယာဉ်များဖြင့် အစားထိုးရန်နှင့် ၂၀၄၀ ပြည့်နှစ်တွင် အဆိုပါယာဉ်များအားလုံးကို သန့်ရှင်းသောစွမ်းအင်အသုံးပြုပြေးဆွဲရန် ရည်မှန်းချက်ထားရှိပါ သည်။ ၂၀၃၀ ပြည့်နှစ်မှစ၍ မော်တော်ယာဉ်အသစ်များနှင့် အငှားယာဉ်အသစ်များ မှတ်ပုံတင်ရာတွင် သန့်ရှင်းသည့် စွမ်းအင်သုံး အမျိုးအစား (Model) သာဖြစ်ရမည်ဖြစ်ပါသည်။ Singapore’s Green Plan အရ ၂၀၃၀ ပြည့်နှစ်တွင် လျှပ်စစ်အားသွင်းသည့်နေရာပေါင်း ၆၀,၀၀၀ ရှိစေရေး ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

 

Socure   -     The Straits Times

စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ စင်ကာပူမြို့

Category: International News