International News

အမေရိကန်အစိုးရက စောင့်ကြည့်လျက်ရှိသည့် အဓမ္မလုပ်အားဖြင့် ထုတ်လုပ်သော ကုန်ပစ္စည်းစာရင်း မှ ထိုင်းနိုင်ငံ ပုစွန်အား ပယ်ဖျက်လိုက်

Last Updated:

အမေရိကန်အစိုးရက စောင့်ကြည့်လျက်ရှိသည့် အဓမ္မလုပ်အား သို့မဟုတ် ကလေးသူငယ်လုပ် အားဖြင့် ထုတ်လုပ်သော ကုန်ပစ္စည်းစာရင်း မှ ထိုင်းနိုင်ငံ ပုစွန်အား ဖယ်ထုတ်လိုက်ကြောင်း ထိုင်းနိုင်ငံ အလုပ်သမားဝန်ကြီးဌာန ဝန်ကြီး H.E Mr. Phiphat Ratchakitprakarn က ပြောကြားချက်အရ သိရှိရပါသည်။

ယင်းကဲ့သို့ ဖယ်ထုတ်လိုက်ခြင်းသည် ပုစွန်ကဏ္ဍ အတွက်သာမက ငါးဖမ်းခြင်းနှင့် အလုပ်သမား နယ်ပယ်အတွက်ပါ သိသာထင်ရှားသော အရွေ့တစ်ခုဖြစ်ပါကြောင်း၊ ဖယ်ထုတ်လိုက်ခြင်းကြောင့် ကုန်သွယ်ရေး တိုးမြှင့်လာနိုင်ပြီး ထိုင်းတို့အတွက် အမေရိကန်ဈေးကွက်သို့ ပို့ကုန်အခွင့်အလမ်းများ ရရှိနိုင်မည် ဖြစ်ကြောင်း၊ အမေရိကန် အလုပ်သမားဦးစီးဌာနက ယခုရက်သတ္တပတ်အစောပိုင်းတွင် ကလေးသူငယ် သို့မဟုတ် အဓမ္မအလုပ်လုပ်ကိုင်စေခြင်းမှ ထုတ်လုပ်သည့် ကုန်ပစ္စည်းများနှင့် ကုန်စည်များအပေါ် နောက်ဆုံးအခြေအနေကို ထုတ်ပြန်ခဲ့ပါကြောင်း၊ ကလေးသူငယ် သို့မဟုတ် အဓမ္မ အလုပ်လုပ်ကိုင်စေခြင်းမှ ထုတ်လုပ်သည့် ကုန်ပစ္စည်းစာရင်းနှင့် ၂၀၂၄ ခုနှစ်အတွက် အုပ်ချုပ်ရေး ဆိုင်ရာ အမိန့် (Executive Orders) စာရင်းတို့မှ  ထိုင်းပုစွန်ကို ပယ်ဖျက်လိုက်ပါကြောင်း၊ ထိုင်းပုစွန်ကို အုပ်ချုပ်ရေးဆိုင်ရာ အမိန့် (Executive Orders) စာရင်းအတွင်းသို့ ၂၀၀၉ ခုနှစ်တွင် ထည့်သွင်းခဲ့ခြင်း ဖြစ်ကြောင်း၊ အဆိုပါ စာရင်းအရ အမေရိကန်ဖယ်ဒရယ် အဖွဲ့အစည်းများက အဓမ္မ အလုပ်လုပ်ကိုင် စေခြင်း သို့မဟုတ် ကလေးသူငယ် လုပ်အားအသုံးပြု၍ ထုတ်လုပ်သော ကုန်စည်များကို မဝယ် ယူကြပါကြောင်း ဝန်ကြီးက ဖြည့်စွက်ပြောကြားခဲ့ပါသည်။

အမေရိကန် ဝယ်ယူရေး လုပ်ထုံးလုပ်နည်းအရ စာရင်းပါ ကုန်စည်များကို ထောက်ပံ့ပေးသော ဖယ်ဒရယ် ကန်ထရိုက်တာများက ထောက်ပံ့ပေးသော ပစ္စည်းများကို ထုတ်လုပ်ရန် အဓမ္မ သို့မဟုတ် ကလေးသူငယ်လုပ်အားကို အသုံးပြု၍ ထုတ်လုပ်ထားခြင်း ရှိ-မရှိ သေချာရန် ဆောင်ရွက်ကြပါ ကြောင်း၊ စာရင်းမှဖယ်ထုတ်လိုက်ခြင်းမှာ အစိုးရနှင့် ပုဂ္ဂလိက ကဏ္ဍတို့သည် နိုင်ငံ၏ ပုစွန်ကဏ္ဍတွင် အဓမ္မ အလုပ်လုပ်ကိုင်စေခြင်း သို့မဟုတ် ကလေးသူငယ် လုပ်အားအသုံးပြုမှုနှင့်စပ်လျဉ်း၍ အလေး ထားဆောင်ရွက်လျက်ရှိသည့် အလုပ်သမားကျင့်ထုံးအပေါ် သုံးသပ်မှုများက ပြသခဲ့ပါကြောင်း ဝန်ကြီး H.E Mr. Phiphat က ဆက်လက်ပြောကြားခဲ့သည်။

ဦးစီးဌာနအနေဖြင့် ပုစွန်ကဏ္ဍတွင် အဓမ္မ အလုပ်လုပ်ကိုင်စေခြင်း သို့မဟုတ် ကလေးသူငယ် လုပ်အားအသုံးပြုမှုနှင့်စပ်လျဉ်း၍ ဥပဒေကို တင်းကျပ်စွာ ကျင့်သုံးလျက်ရှိကြောင်း၊ အဆိုပါ ကဏ္ဍတွင် စံအလုပ်သမားကျင့်ထုံးကို လက်ခံရန် အားပေးလျက်ရှိကြောင်း၊ ရွှေ့ပြောင်းအလုပ်သမားများ အကြမ်း ဖက်ခြင်းမှ ကာကွယ်ရန် အစိုးရမဟုတ်သော အဖွဲ့အစည်း ၁၂ ဖွဲ့ဖြင့် ပူးပေါင်းဆောင်ရွက်လျက်ရှိ ကြောင်း အလုပ်သမားအကာအကွယ်ပေးနှင့် ဖူလုံရေး ဦးစီးဌာန အရာရှိ Ms. Sopha Kiatniracha က ဖြည့်စွက်ပြောကြားခဲ့ပါသည်။

 

Source: www.bangkokpost.com  

သီတာဝင်း၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့။

 

Category: International News