International News

အိန္ဒိယကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးမှ ကုန်သွယ်ရေးဆိုင်ရာချိတ်ဆက်မှု အီလက်ထရောနစ်ပလက်ဖေါင်း (Trade Connect e-Platform) ကို စတင်မိတ်ဆက်

Last Updated:

အိန္ဒိယကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးမှ အိန္ဒိယ ပို့ကုန်လုပ်ငန်းရှင်များ၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်း များ (MSMEs) နှင့် စွန့်ဦးတီထွင်လုပ်ငန်းရှင်များကို ကူညီရန်အတွက် ကုန်သွယ်ရေးဆိုင်ရာချိတ်ဆက်မှု အီလက် ထရောနစ်ပလက်ဖေါင်း (Trade Connect e-Platform) ကို ယခုလ ၁၁ ရက်နေ့တွင် စတင် မိတ်ဆက်ခဲ့သည်။ အဆိုပါ Trade Connect e-Platform သည် အိန္ဒိယ ပို့ကုန်လုပ်ငန်းရှင်များ၊ MSMEs နှင့် စွန့်ဦးတီထွင်သူများကို အိန္ဒိယပြည်ပမစ်ရှင်များ၊ ပို့ကုန်မြှင့်တင်ရေး ကောင်စီများနှင့် အခြားသော မိတ်ဖက်အစိုးရအေဂျင်စီများ အပါအဝင်သက်ဆိုင်သူ အမျိုးမျိုးနှင့် ချိတ်ဆက်ပေးမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ပလက်ဖောင်းသည် ကမ္ဘာ့နေရာအနှံ့အပြားတွင် ဖြစ်ပွားလျက်ရှိသည့် ကုန်သွယ်မှု ဖြစ်ရပ်များ၊ အိန္ဒိယနိုင်ငံ၏ လွတ်လပ်စွာကုန်သွယ်မှု သဘောတူညီချက်များ (FTAs) ကြောင့် ရရှိလာမည့် အကျိုးကျေးဇူးများနှင့် အခြားသော နိုင်ငံတကာကုန်သွယ်မှုဆိုင်ရာ သတင်းအချက် အလက်များကို ပေးဆောင်မည်ဖြစ်သည်။

ပြည်ထောင်စုဝန်ကြီး Goyal က အဖွဲ့တစ်ခုလုံး စုပေါင်း၍ လပေါင်းများစွာ ကြိုးစား အားထုတ်ပြီးနောက် ယခုကဲ့သို့ ပလက်ဖေါင်းတစ်ခု ထွက်ပေါ်လာသည်ကို မြင်တွေ့ရသည့် အတွက် အမှန်တကယ် ဝမ်းမြောက်မိကြောင်း ပြောကြားခဲ့သည်။ ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ တာတာ အတိုင်ပင်ခံဝန်ဆောင်မှု (Tata Consultancy Services- TCS)၊ DGFT၊ MSE မှ အကြံဉာဏ်များ၊ မတူညီသော ဝန်ကြီးဌာနများမှ အကြံဉာဏ်များ၊ နာရီပေါင်းများစွာကြာအောင် စဉ်းစားအဖြေရှာခြင်း၊ Exim Bank ကဲ့သို့ အဖွဲ့အစည်းများ၏ ပံ့ပိုးကူညီမှုကို ရယူခြင်းနှင့် TCS မှ အားထုတ် ကြိုးပမ်းမှုများကြောင့် ယခုကဲ့သို့ အောင်မြင်ပြီးမြောက်ခဲ့သည့်အပေါ် အမှန်တကယ် ဂုဏ်ပြုအပ် သည့်ကိစ္စ ဖြစ်သည်ဟု ပြောကြားခဲ့သည်။

ပို့ကုန်တင်ပို့သူများအနေဖြင့် Trade Connect e-Platform တွင် ခလုတ်တစ်ချက်နှိပ်ယုံ မျှဖြင့် သတင်းအချက်အလက်အားလုံးကို ရရှိမည်ဖြစ်ကြောင်း သိရသည်။ "မိုဒီအစိုးရရဲ့ တတိယ သက်တမ်းမှာ ကျွန်တော်တို့အနေနဲ့ ဝန်ကြီးချုပ် မိုဒီရဲ့ လမ်းညွှန်မှု ခံယူဆောင်ရွက်ခဲ့တာဟာ အရမ်းစိတ်ဝင်စားဖို့ ကောင်းပါတယ်" ဟု Goyal က ပြောကြားခဲ့သည်။

"ဝန်ကြီးချုပ်က ဝန်ကြီးဌာနအားလုံးအတွက် အချိန်ကာလသတ်မှတ်ထားသော ရည်မှန်း ချက်ကို ချမှတ်ထားပြီး၊ ၂၀၄၇ ခုနှစ်တွင် ဖွံဖြိုးပြီး အိန္ဒိယနိုင်ငံဖြစ်ပေါ်လာရေး ရည်မှန်းချက် (2047 Viksit Bharat Mission) ကို ပြည့်မီရန် လိုက်လျောညီထွေ လုပ်ဆောင်နေပါတယ်။" ဟု ၎င်းက ပြောကြားခဲ့သည်။ " ကျွန်တော်တို့မှာ ပထမနှစ်အတွက် ဆောင်ရွက်ရမည့် ရည်မှန်းချက် တစ်ခုရှိ မယ်။ ပြီးရင် ၂၀၂၉ ခုနှစ်အထိ ပထမငါးနှစ်အတွက် ဆောင်ရွက်ရမည့် ရည်မှန်းချက် တစ်ခုရှိပါမယ်။ ပြီးတော့ ၂၀၄၇ ခုနှစ်သို့ သွားရောက်ရာခရီးကို အချိန်ကာလသတ်မှတ်ချက်အလိုက် လုပ်ဆောင်သွား နိုင်မည့် စောင့်ကြည့်ထိန်းချုပ်နိုင်သော အစိတ်အပိုင်းများအဖြစ် တစ်ဆင့်ချင်း ခွဲခြားဆောင်ရွက် သွားမှာ ဖြစ်ပါတယ်။" ဟု ၎င်းက ပြောကြားခဲ့သည်။

မူဝါဒများကို ပိုမိုမြန်ဆန်ကောင်းမွန်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် ဒစ်ဂျစ်တယ်အာရုံစူးစိုက်မှုနှင့် နည်းပညာအသစ်များကို အသုံးပြုလျက်ရှိကြောင်း၊ အိန္ဒိယနိုင်ငံ သားများအတွက် ပိုမိုထက်မြက်ကောင်းမွန်၍ မြန်ဆန်စေရန်အတွက် နည်းပညာကို ကြီးမား သောနည်းလမ်းဖြင့် အသုံးပြုရန် ၎င်းတို့အနေဖြင့် ကြိုးပမ်းဆောင်ရွက်ခဲ့ပါကြောင်း၊ ဝန်ကြီးချုပ် အနေဖြင့် အဆိုပါ ကြိုးပမ်းအားထုတ်မှုများသည် ယခင်ထက် သုံးဆဖြစ်ရမည်ဟု ဆိုတာကြောင့် အရှိန်အဟုန်ဖြင့် သုံးဆပိုမို ရရှိနိုင်ရန် ကြိုးပမ်းလျက်ရှိပါကြောင်း၊ ကောင်းမွန်သောအုပ်ချုပ်မှု စနစ်၏ ဝန်ဆောင်မှုများ ပေးအပ်ခြင်းနှင့် ပေးပို့ခြင်းတွင် ရလဒ်များသည် ယခင်ထက် သုံးဆ ပိုကြီးမားကာ ပိုမို ထိရောက်မှုရှိရန် လိုအပ်ပါကြောင်း ဝန်ကြီး Goyal က ပြောကြားခဲ့သည်။

သို့ပါ၍ အိန္ဒိယ ကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးမှ အိန္ဒိယ ပို့ကုန်လုပ်ငန်းရှင်များ၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ (MSMEs) နှင့် စွန့်ဦးတီထွင်လုပ်ငန်းရှင်များကို ကူညီရန်အတွက် ကုန်သွယ်ရေးဆိုင်ရာ ချိတ်ဆက်မှု အီလက် ထရောနစ်ပလက်ဖေါင်း (Trade Connect e-Platform) ကို စတင်မိတ်ဆက်ခဲ့ကြောင်း တင်ပြအပ်ပါ သည်။ အိန္ဒိယအစိုးရအနေဖြင့် မူဝါဒများချမှတ်ဆောင်ရွက်ရာတွင် ပိုမိုမြန်ဆန်ထိရောက်ရန်အတွက် နည်းပညာကို ကြီးမားသောနည်းလမ်းတစ်ရပ်အနေဖြင့် အသုံးချဆောင်ရွက်လျက်ရှိကြောင်း သိရှိနိုင် ပါရန် တင်ပြအပ်ပါသည်။

 

ရည်ညွှန်း။          The Business World: Piyush Goyal Introduces Trade Connect Eplatform To Facilitate Exporters, September 12, 2024

(ကောင်းထွဋ်အောင်၊ စီးပွားရေးသံမှူး၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ကော်လ်ကတ္တားမြို့)

 

၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၁၂ ရက်။

Category: International News