International News

ရုရှားသည် အိန္ဒိယမှ ကော်ဖီ၊ လက်ဖက်ခြောက်နှင့် ဟင်းခတ်အမွှေးအကြိုင်များ တင်သွင်းမှု သုံးပုံတစ်ပုံတိုးလာ

Last Updated:

ရုရှားနိုင်ငံသည် ၂၀၂၄ ခုနှစ် ပထမခြောက်လအတွင်း(ဇန်နဝါရီလမှ ဇွန်လအထိ) အိန္ဒိယနိုင်ငံမှ ကော်ဖီ၊ လက်ဖက်ခြောက်နှင့် ဟင်းခတ်အမွှေးအကြိုင်များ တင်သွင်းမှု သုံးပုံတစ်ပုံ တိုးလာခဲ့ပြီး ကော်ဖီကို သိသိသာသာ ပိုမိုတင်သွင်းခဲ့ကြောင်း သိရှိရသည်။

အစီရင်ခံကာလအတွင်း ရုရှားသည် အိန္ဒိယမှ ကော်ဖီ၊ လက်ဖက်ခြောက်နှင့် ဟင်းခတ် အမွှေးအကြိုင်များကို အမေရိကန်ဒေါ်လာ ၆၂.၈ သန်းခန့် တင်သွင်းခဲ့ပြီး ယင်းသည် ၂၀၂၃ ခုနှစ် အလားတူကာလထက် သုံးပုံတစ်ပုံနီးပါး ပိုများခဲ့သည်။ ၂၀၂၄ ခုနှစ် ဇွန်လအတွက် တင်သွင်းမှုပမာဏသည် အမေရိကန်ဒေါ်လာ ၁၂.၃ သန်း ရှိပြီး ယခင်နှစ် ဇွန်လထက် ၃၂ ရာခိုင်နှုန်း ပိုများခဲ့သည်။

၂၀၂၄ ခုနှစ် ပထမခြောက်လအတွင်း ရုရှားသည် အိန္ဒိယမှ ကော်ဖီတင်သွင်းမှု ဒေါ်လာ ၁၂ သန်းအထိ ၂ ဆတိုးတက်ခဲ့သည်။ လက်ဖက်ခြောက်တင်သွင်းမှုသည် ဒေါ်လာ ၄၃ သန်းရှိကာ ၂၀.၅ ရာခိုင်နှုန်း တိုးလာခဲ့သည်။ ဂျင်း၊ နနွင်း၊ စမုန်နက်စေ့၊ ငရုပ်ကောင်း၊ သစ်ကြံပိုးခေါက် စသည့် ဟင်းခတ်အမွှေးအကြိုင်များ တင်သွင်းမှုသည် ဒေါ်လာ ၈ သန်းခန့် ရှိသည်။  အိန္ဒိယ၏ ကော်ဖီ၊ လက်ဖက်ခြောက်နှင့် ဟင်းခတ်အမွှေးအကြိုင်များ ဝယ်ယူ တင်သွင်းသည့်နိုင်ငံများအနက် ရုရှားသည် ၁၁ နေရာ၌ တည်ရှိပြီး အများဆုံးတင်သွင်းသည့် နိုင်ငံသည် တရုတ်ဖြစ်သည်။

၂၀၂၃ ခုနှစ်တွင် ရုရှားနိုင်ငံသည် ကမ္ဘာ့နိုင်ငံအသီးသီးမှ ကော်ဖီပမာဏတန်ချိန် ၁၀၁,၈၂၄ တင်သွင်းခဲ့ပြီး အဓိကတင်သွင်းသောနိုင်ငံများမှ ဘရာဇီး၊ အင်ဒိုနီးရှား၊ နယ်သာလန်၊ အီတလီနှင့် အက်စ်တိုးနီးယားစသည့်နိုင်ငံများဖြစ်ပါသည်။ ရုရှား၏ လက်ဖက်ခြောက်တင်သွင်းမှုပမာဏတန်ချိန်မှာ ၉၆,၀၉၂ ဖြစ်ပြီး အဓိက တင်သွင်းသော နိုင်ငံများမှ အိန္ဒိယ၊ သီရိလင်္ကာ၊ တရုတ်၊ ကင်ညာနှင့် အင်ဒိုနီးရှား စသည့်နိုင်ငံတို့ဖြစ်ပါသည်။

အနောက်နိုင်ငံများ၏ ပိတ်ဆို့အရေးယူမှုများကြောင့် ရုရှားနိုင်ငံသည် ၎င်း၏ ကုန်သွယ်ရေးလုပ်ငန်းများကို အာရှ-ပစိဖိတ်နိုင်ငံများဘက်သို့ ဦးတည်ပြောင်းလဲမှုများ ပြုလုပ်လျက်ရှိသဖြင့် မြန်မာနိုင်ငံအနေဖြင့် ရုရှားနိုင်ငံသို့ ကော်ဖီနှင့် လက်ဖက်ခြောက် ထုတ်ကုန်များ တင်ပို့နိုင်မည့်အလားအလာကောင်းများ ရှိနေပါကြောင်း သုံးသပ်ရပါသည်။

 

Source :       https://ria.ru/20240901/import-1969814158.html

(ခွန်မျိုးသူ  ၊စီးပွားရေးသံမှူး၊ မော်စကိုမြို့)

Category: International News