International News

အမေရိကန်-တရုတ် ကုန်သွယ်ရေး ပဋိပက္ခသည် ထိုင်းနိုင်ငံအတွက် အခွင့်အလမ်းများ ဖန်တီးပေးနိုင် မည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန H.E Mr. Pichai Naripthaphan က ပြောကြားခဲ့

Last Updated:

ထိုင်းနိုင်ငံ၏ မဟာမိတ်များဖြစ်ပြီး စွမ်းအားကြီးမားသော နိုင်ငံ ၂ ခုဖြစ်သည့် အမေရိကန်နှင့် တရုတ်နိုင်ငံတို့အကြား ကုန်သွယ်ရေး ပဋိပက္ခကြောင့် ထိုင်းနိုင်ငံအတွက် အခွင့်အလမ်းများ ဖန်တီးပေး နိုင်မည် ဖြစ်ပြီး အစိုးရသစ်အတွက် အကျိုးရှိစေမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဝန်ကြီး H.E Mr. Pichai Naripthaphan က ပြောကြားခဲ့ပါသည်။

နိုင်ငံ၏ Printed Circuit Board (PCB) ကဏ္ဍတွင် ဘတ် ၁၅၀ ဘီလီယံ ရင်းနှီးမြှုပ်နှံထားခဲ့ကြပြီး ဘတ်ဘီလီယံ ရာနှင့်ချီ၍ မြင့်တက်လာရန် မျှော်မှန်းထားပါကြောင်း၊ ထိုင်းနိုင်ငံတွင် လုံလောက် သော လျှပ်စစ်စွမ်းအားနှင့် ရေအားစွမ်းအင်များရှိသောကြောင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများသည် ထိုင်း နိုင်ငံကို စိတ်ဝင်စားကြပါကြောင်း၊ စွမ်းအားရှိသော နိုင်ငံများမှ ရင်းနှီးမြှုပ်နှံမှုများ ဆွဲဆောင်နိုင်ပြီး စီးပွားရေး အချက်အချာနိုင်ငံအဖြစ် ထိုင်းနိုင်ငံ၏ စီးပွားရေးသည်  များမကြာမီ ပြန်လည် ကောင်းမွန် လာတော့မည် ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် တရုတ်နှင့် အမေရိကန်တို့၏ ချစ်ခင်မှုကို လိုလားသကဲ့သို့ အလယ်အလတ်ပုံစံဖြစ်ပါက ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်ရေး အခွင့်အလမ်းများကို ဆွဲဆောင်နိုင်မည် ဖြစ်ကြောင်း ဝန်ကြီးက ဖြည့်စွက်ပြောကြားခဲ့ပါသည်။

ပြည်သူများအနေဖြင့် တရုတ်ထုတ်ကုန်များအပေါ် မကောင်းသော အမြင်မဖြစ်စေလိုဘဲ အကောင်းမြင်စိတ်ဖြစ်ရန် လိုအပ်ပါကြောင်း၊ တင်သွင်းကုန်များသည် လုံခြုံစိတ်ချရပြီး ကမ္ဘာ့စံနှုန်းများ နှင့် ကိုက်ညီစေရေးအတွက် အကောင်းဆုံးနည်းလမ်းကို ရှာဖွေရန် အဖွဲ့အစည်း ၂၈ ခုနှင့် ဝန်ကြီးဌာန တို့အကြား ဆွေးနွေးခဲ့ပါကြောင်း၊ လွတ်လပ်သောကုန်သွယ်ရေး ဧရိယာ အလားအလာများအတွက် ညှိနှိုင်းမှုများ ဆောင်ရွက်လျက်ရှိပြီး အိန္ဒိယသို့ ထိုင်းပို့ကုန်များ ပိုမိုတင်ပို့နိုင်ရေး ဆွေးနွေးလျက်ရှိပါ ကြောင်း ဆက်လက်ပြောကြားခဲ့သည်။

နိုင်ငံစီးပွားရေး မြှင့်တင်ရန်အတွက် ဝယ်လိုအားဆိုင်ရာ ဘောဂဗေဒ၊ နိုင်ငံ၏ ကြွေးမြီကို အိမ်ထောင်စုကြွေးမြီ၊ စီးပွားရေးလုပ်ငန်းကဏ္ဍ ကြွေးမြီနှင့် အစိုးရ ကြွေးမြီဟူ၍ (၃) ပိုင်းခွဲခြင်းနှင့် ပြည်ပမှ ရင်းနှီးမြှုပ်နှံမှုများစွာ ဖိတ်ခေါ်သွားရန် စသည့် အစီအစဉ် (၃) ခုကို ဘဏ္ဍာရေးဒုတိယဝန်ကြီး H.E Mr. Paopoom Rojanasakul က အဆိုပြုခဲ့ကြောင်း သိရှိရပါသည်။

 

Source: www.bangkokpost.com  

သီတာဝင်း၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့။

 

 

Category: International News