International News

အိန္ဒိယနိုင်ငံတွင် ကြက်သွန်နီအပေါ် ပို့ကုန်ခွန် ၂၀ ရာခိုင်နှုန်းအထိ လျှော့ချကာ စားသုံးဆီများ တင်သွင်းမှုအတွက် အကောက်ခွန် ၂၀ ရာခိုင်နှုန်း တိုးမြှင့်

Last Updated:

အိန္ဒိယဗဟိုအစိုးရသည် ယခုလ ၁၃ ရက်နေ့က ကြက်သွန်နီအပေါ် ပို့ကုန်ခွန်ကို ၂၀ ရာခိုင်နှုန်း အထိ လျှော့ချကာ စားသုံးဆီများတင်သွင်းမှုအတွက် အကောက်ခွန် ၂၀ ရာခိုင်နှုန်း တိုးမြှင့်ခဲ့ကြောင်း The Hindu Businessline သတင်းဌာနက ယခုလ ၁၄ ရက်က ဖော်ပြသည်။အိန္ဒိယနိုင်ငံတွင် မကြာမီ ခါရစ် (မိုး) သီးနှံများ ရိတ်သိမ်းချိန် ရောက်ရှိလာတော့မည်ဖြစ်ပြီး၊ ယင်းမတိုင်မီ အဆိုပါဆုံးဖြတ်ချက်များ အချိန်ကိုက် ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။ အိန္ဒိယ ပြည်ထဲရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Amit Shah ဦးဆောင် သော စျေးနှုန်းများဆိုင်ရာ အစိုးရအဖွဲ့ကော်မတီက ယခုလ ၁၁ ရက် (ဗုဒ္ဓဟူးနေ့) တွင် အဆိုပါ ဆုံးဖြတ်ချက်များအား ချမှတ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကြက်သွန်နီအပေါ် စည်းကြပ်ကောက်ခံသော ပို့ကုန်ခွန်ကို ၄၀ ရာခိုင်နှုန်းမှ ထက်ဝက်သို့ လျှော့ချရန် ဗဟိုအစိုးရမှ ယခုလ (၁၃) ရက် (သောကြာနေ့) ညနှောင်းပိုင်းတွင် အမိန့် ကြေညာ ချက်ထုတ်ပြန်ခဲ့သည်။ ယင်းမတိုင်ခင် တစ်ရက်က ကြက်သွန်နီတင်ပို့မှုအပေါ် သတ်မှတ်ထားသော အနိမ့်ဆုံးပို့ကုန်စျေးနှုန်း (MEP)၊ တစ်တန်လျင် အမေရိကန်ဒေါ်လာ ၅၅၀ သတ်မှတ်ချက်အား ဖယ်ရှားခဲ့ကြောင်း သိရသည်။အိန္ဒိယအစိုးရသည် သီးခြားအမိန့်ကြော်ငြာစာအရ စားအုန်းဆီကြမ်း၊ ပဲပိစပ်ဆီနှင့် နေကြာဆီ အပေါ် သွင်းကုန်ခွန် သုညရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သတ်မှတ်ခဲ့ပြီး၊ သန့်စင်ပြီး စားအုန်းဆီ၊ ပဲပိစပ်ဆီနှင့် နေကြာဆီများတင်သွင်းမှုအပေါ် အကောက်ခွန် ၁၂ ဒသမ ၅ ရာခိုင်နှုန်းမှ ၃၂ ဒသမ ၅ ရာခိုင်နှုန်းအထိ တိုးမြှင့်သတ်မှတ်ခဲ့ကြောင်း သိရသည်။

အစိုးရအနေဖြင့် လယ်သမားများ၏ တိုးတက်မှုအတွက် ကတိပြုထားကြောင်း အိန္ဒိယ စိုက်ပျိုးရေးဝန်ကြီး Shivraj Singh Chouhan က ဆိုရှယ်မီဒီယာမှတစ်ဆင့် ဖော်ပြပြောကြားခဲ့သည်။ ပို့ကုန်ခွန် လျှော့ချခြင်းဖြင့် ကြက်သွန်နီတောင်သူများအား ဈေးကောင်းများ ရရှိစေရန် ကူညီပေးမည် ဖြစ်ပြီး၊ ကြက်သွန်နီတင်ပို့မှုလည်း တိုးတက်လာမည်ဖြစ်ကြောင်း၊ တောင်သူလယ်သမားများနှင့် အခြားကြက်သွန်နီနှင့်ပတ်သက်သည့် ကဏ္ဍများကိုလည်း အကျိုးပြုမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ယခုကဲ့သို့ အကောက်ခွန် လျှော့ချဖြတ်တောက်ခြင်းကြောင့် ကမ္ဘာ့ဈေးကွက်တွင် အိန္ဒိယ ကြက်သွန်နီ၏ ယှဉ်ပြိုင်နိုင်စွမ်းကို အတိုင်းအတာတစ်ခုအထိ ကူညီပံ့ပိုးပေးနိုင်ကြောင်း စိုက်ပျိုးရေး ကုန်စည်များ တင်ပို့ရောင်းချသူများအသင်း ဥက္ကဋ္ဌ M Madan Prakash က ပြောကြားခဲ့သည်။ တူရကီ၊ အီဂျစ်နှင့် ပါကစ္စတန်နိုင်ငံတို့က မလေးရှားနိုင်ငံသို့ ကြက်သွန်နီရောင်းချရန် တစ်တန်လျင် အမေရိကန်ဒေါ်လာ ၆၀၀ (C&F) ခန့်ဈေးနှုန်းဖြင့် ကမ်းလှမ်းထားကြောင်း၊ အိန္ဒိယမှ ကြက်သွန်နီ စျေးနှုန်းသည် တစ်တန်လျင် အမေရိကန်ဒေါ်လာ ၇၀၀ ဝန်းကျင် ဖြစ်နိုင်သည်ဟု ၎င်းက ဆိုသည်။

အိန္ဒိယနိုင်ငံတွင် ယခုနှစ် သြဂုတ် ၂၉ ရက်အထိ ခါရစ် (မိုး) ရာသီ ကြက်သွန်နီကို ဟက်တာ ၂ ဒသမ ၉၀ သိန်း စိုက်ပျိုးခဲ့ပြီး လွန်ခဲ့သည့် နှစ်ကာလတူက ၁ ဒသမ ၉၄ သိန်း စိုက်ပျိုးခဲ့သည့်အတွက် ပိုမိုတိုးမြင့်လာကြောင်း Crop Watch Weather Group ၏ အချက်အလက်များအရ သိရသည်။ ၂၀၂၄-၂၅ ဘဏ္ဍာနှစ် ဇူလိုင်လ ၃၁ ရက်နေ့အထိ အိန္ဒိယနိုင်ငံမှ ပြည်ပသို့ကြက်သွန်နီ တင်ပို့မှု တန်ချိန် ၂ ဒသမ ၆၀ သိန်းရှိကြောင်းနှင့် ယခင်ဘဏ္ဍာနှစ်က တန်ချိန် ၁၇ ဒသမ ၁၇ သိန်း တင်ပို့ခဲ့ကြောင်း Economic Times သတင်းဌာနက ယခုလ  ၁၃ ရက်က ဖော်ပြထားသည်။

ပြည်ပမှ စားသုံးဆီ တင်သွင်းမှုအတွက် သွင်းကုန်ခွန် စည်းကြပ်မှုအပြင် လယ်ယာအခြေခံ အဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ထပ်ဆောင်းခွန် ၅ ရာခိုင်နှုန်းကို စည်းကြပ် ကောက်ခံ သွားမည်ဟု သိရသည်။ ယင်းသို့ စားသုံးဆီများအပေါ် အကောက်ခွန် တိုးမြှင့်ကောက်ခံ ခြင်းသည် အိန္ဒိယလယ်သမားများအား လက်ရှိသီးနှံနှစ်အတွက် သတ်မှတ်ထားသော အနိမ့်ဆုံးထောက်ပံ့ရေး စျေးနှုန်းထက် နှုန်းထားများ ကျဆင်းသွားပြီးနောက် ၎င်းတို့၏ ခါရစ်ရာသီ ဆီထွက် သီးနှံများအတွက် ပိုမိုကောင်းမွန်သော ဈေးနှုန်းများ ရရှိစေရန် ကူညီပေးမည်ဖြစ်ကြောင်း သိရှိရပါသည်။

သို့ပါ၍ အိန္ဒိယနိုင်ငံတွင် ၂၀၂၄ ခုနှစ်၊ မေလက ပို့ကုန်ခွန် ၄၀ ရာခိုင်နှုန်းနှင့် အနိမ့်ဆုံးပို့ ကုန်ဈေးနှုန်း အမေရိကန်ဒေါ်လာ ၅၅၀ သတ်မှတ်ထားသော ကြက်သွန်နီကို ပို့ကုန်ခွန် ၂၀ ရာခိုင် နှုန်းသို့ လျှော့ချသတ်မှတ်ကာ အနိမ့်ဆုံးပို့ ကုန်ဈေးနှုန်းသတ်မှတ်ချက်အား ဖယ်ရှားပေးခဲ့ကြောင်း သိရှိရပါသည်။ တစ်ဖက်တွင် ပြည်ပမှ စားသုံးဆီများတင်သွင်းမှုအပေါ် အကောက်ခွန် ၂၀ ရာခိုင် နှုန်းအထိ တိုးမြင့်ကောက်ခံခဲ့သည်ကို ကြည့်ခြင်းအားဖြင့် အစိုးရအနေဖြင့် ကြက်သွန်နီတောင်သူ များ၏ အကျိုးစီးပွားနှင့် ပြည်တွင်းဆီထွက်သီးနှံကဏ္ဍ တိုးမြင့်လာစေရေးအတွက် မူဝါဒပိုင်းမှ ကူညီ ထောက်ပံ့ပေးလျက်ရှိကြောင်း သုံးသပ်ရရှိပါသည်။

 

ရည်ညွှန်း။          The Hindu Businessline: Centre cuts onion export duty to 20%, raises Customs levy on crude and refined edible oils, September 14, 2024

(ကောင်းထွဋ်အောင်၊ စီးပွားရေးသံမှူး၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ကော်လ်ကတ္တားမြို့)

၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၁၆ ရက်။

Category: International News