International News

အတိုးနှုန်းလျှော့ချပေးရန် ထိုင်းဘဏ်(ဗဟိုဘဏ်)သို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးက တိုက်တွန်းပြောကြားခဲ့

Last Updated:

ထိုင်းနိုင်ငံ၏ ပို့ကုန်တိုးမြှင့်ရန်နှင့် GDP တိုးတက်ရန်အတွက် ထိုင်းဘဏ် (ဗဟိုဘဏ်) အနေဖြင့် အတိုးနှုန်းကို လျှော့ချပေးရန်နှင့် ဘတ်ငွေတန်ဖိုးကို ထိန်းထားပေးရန် စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေး ဝန်ကြီးဌာန ဝန်ကြီး H.E Mr. Picahi Naripthaphan က တိုက်တွန်းပြောကြား ခဲ့ပါသည်။

ဘတ်ငွေတန်ဖိုးသည် ခိုင်မာလျက်ရှိပြီး ပို့ကုန်ကို သက်ရောက်လျက်ရှိသဖြင့် ယခုနှစ် တိုးတက် မှုပမာဏကို နည်းပါးစေမည်ဖြစ်ကြောင်း၊ ငွေကြေးနှင့်စပ်လျဉ်း၍ ထိုင်းဘဏ်အနေဖြင့် ဆောင်ရွက် သင့်ကြောင်း ဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် မူဝါဒကြေညာချက်တွင် ပါရှိကြောင်း၊ ဘတ်သည် ၁ ဒေါ်လာလျှင် ၃၃ ဘတ်ထိ အမြင့်ဆုံးရောက်ရှိခဲ့သဖြင့် ၁၈ လအတွင်း အခိုင်မာဆုံးအဆင့်သို့ ရောက်ခဲ့ ပါကြောင်း၊ ဘတ်ငွေခိုင်မာလာမှုသည် ပို့ကုန်လုပ်ငန်းရှင်များ၏ ဝင်ငွေကို ကျဆင်းစေပြီး အထူးသဖြင့် စိုက်ပျိုး‌ရေးထုတ်ကုန်များ၏ အမြတ်အစွန်းကို သက်ရောက်ပါကြောင်း၊ ဗဟိုဘဏ်အနေဖြင့် ငွေဖြစ် လွယ်နှုန်းကို မြှင့်တင်ရန်နှင့် ဘဏ္ဍာငွေရရှိနိုင်မှုအတွက် အတိုးနှုန်းကို လျှော့ချပေးသင့်ကြောင်း ဝန်ကြီး က ဖြည့်စွက်ပြောကြားခဲ့ပါသည်။

အတိုးနှုန်းမူဝါဒနှင့် GDP ၏ ၆၀ ရာခိုင်နှုန်းရှိသော ပို့ကုန်ကို သက်ရောက်သည့် ငွေလဲနှုန်းတို့ကို ထိုင်းဘဏ်က သတ်မှတ်သဖြင့် ငွေကြေးမူဝါဒသည် ဘဏ္ဍာရေးမူဝါဒထက် အရေးကြီးပါကြောင်း၊ ပြီးခဲ့ သည့်နှစ် စီးပွားရေးသည် ၁.၉ ရာခိုင်နှုန်း တိုးတက်ခဲ့ပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် စီးပွားရေး ပြန် လည်ကောင်းမွန်ရန် အစီအမံသစ်များ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ယခင်စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန ဝန်ကြီး၏ မူဝါဒများအတိုင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ယင်း မူဝါဒ များတွင် ကုန်ကျစရိတ်များလျှော့ချခြင်း၊ ဝင်ငွေတိုးမြှင့်ခြင်း၊ အခွင့်အလမ်းများ ချဲ့ထွင်ခြင်း၊ နိုင်ငံသား၊ စားသုံးသူ၊ စိုက်ပျိုးရေးထုတ်ကုန်များနှင့် လုပ်ငန်းဆောင်ရွက်နေသူများအကြား ချိန်ညှိခြင်းဖြင့် အားလုံးတစ်စုတစ်စည်းတည်း အကျိုးကျေးဇူးရရှိစေရန်နှင့် ထိုင်းထုတ်ကုန်များကို ကမ္ဘာ့ဈေးကွက် အတွင်း ယှဉ်ပြိုင်မှုမြှင့်တင်ရန်အတွက် ခရိုင်စီးပွားရေးရုံးများနှင့် ကုန်သွယ်ရေးသံတမန်များ ပူးပေါင်း ဆောင်ရွက်ရန်တို့ ဖြစ်ကြောင်း ဆက်လက်ပြောကြားခဲ့သည်။

ပြောင်းလဲလာသော ကမ္ဘာ့ကုန်သွယ်မှုလမ်းကြောင်းနှင့်အညီ ဥပဒေများနှင့် လုပ်ထုံးလုပ်နည်း များကို ပြင်ဆင်ခြင်း၊ မြေပြင်စီးပွားရေးမူဝါဒကို တွန်းအားပေးခြင်း၊ S-curve စက်မှုဇုန်ရှိ ပို့ကုန်ကဏ္ဍ အတွက် ပြန်လည်တည်ဆောက်ခြင်း၊ လွတ်လပ်သောကုန်သွယ်ရေး သဘောတူစာချုပ်များအသုံး ပြုမှုကို မြှင့်တင်ခြင်းနှင့် ပြည်တွင်း/ပြည်ပ ရင်းနှီးမြှုပ်နှံမှုများအား ထောက်ပံ့ပေး ခြင်းတို့လည်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရှိရပါသည်။

 

Source: www.bangkokpost.com  

သီတာဝင်း၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့။

Category: International News