International News

ထိုင်းနိုင်ငံ၊ စွမ်းအင်ရောင်းချသည့် လုပ်ငန်းကြီးဖြစ်သူ Bangchak Corp က အာဆီယံဒေသတွင်း၌ ကာဗွန်ကုန်သွယ်မှုအတွက် ဈေးကွက်ဖန်တီးရန် ရှာဖွေလျက်ရှိ

Last Updated:

ထိုင်းနိုင်ငံ၊ စွမ်းအင်လုပ်ငန်းလုပ်ကိုင်သည့် လုပ်ငန်းကြီးဖြစ်သူ Bangchak Corp သည် မလေး ရှား၏ စတော့ခ်အိတ်ချိန်းဖြစ်သူ Bursa Malaysia နှင့် ပူးပေါင်း၍ အာဆီယံဒေသတွင်း၌ ကာဗွန်ခရက်ဒစ်ဈေးကွက် ဖော်ဆောင်နိုင်ရေး စတင်မိတ်ဆက်လာကြောင်း သိရှိရပါသည်။

ထိုင်းနိုင်ငံ၌ ကာဗွန်ခရက်ဒစ်ကုန်သွယ်မှု မြှင့်တင်ရန်အတွက် Bangchak သည် ၂၀၂၁ ခုနှစ်တွင် ကာဗွန်ဈေးကွက်ကလပ်ကို တည်ထောင်ခဲ့ပြီးနောက် ဒေသတွင်း၌ ကာဗွန်ခရက်ဒစ်ကုန်သွယ်မှုဆိုင်ရာ စံနှုန်းများ သတ်မှတ်ရန် စိတ်အားထက်သန်လျက်ရှိကြောင်း၊ ကလပ်တွင် တစ်ဦးချင်းစီနှင့် ကုမ္ပဏီတို့ မှ အဖွဲ့ဝင် ၁,၀၀၀ ခန့်ရှိကြောင်း၊ ရည်မှန်းချက်ပြည့်မီရန် အာဆီယံဘုံကာဗွန်မူဘောင် (Asean Common Carbon Framework-ACCF) ကို ရေးဆွဲရန်အတွက် အခြားသော အာဆီယံအဖွဲ့ဝင်နိုင်ငံ များနှင့် ဆွေးနွေးသွားရန် ထိုင်းနှင့် မလေးရှားတို့သည် သဘောတူညီခဲ့ပါကြောင်း၊ မလေးရှားတွင် ကျင်းပခဲ့သော မလေးရှားကာဗွန်ဈေးကွက်ဖိုရမ် ၂၀၂၄ တွင် အာဆီယံတွင်း အရည်အသွေးမြင့် ကာဗွန် ခရက်ဒစ်ဈေးကွက် ဖွံ့ဖြိုးတိုးတက်လာရေးကို ဦးစားပေးသည့် ဆွေးနွေးမှု ပါဝင်ခဲ့ပြီး ဒေသတွင်း ကာဗွန်ပျက်ပြယ်မဟာဗျူဟာကို အကောင်အထည်ဖော်နိုင်မည့် ACCF ၏ အလားအလာများကိုလည်း ဆွေးနွေးခဲ့ကြောင်း Bangchak အကြီးတန်းအရာရှိဖြစ်သူ Mrs. Gloyta Nathalang က ပြောကြားခဲ့ ပါသည်။

ဒေသတွင်းအခြားသော နိုင်ငံများနည်းတူ ထိုင်းနိုင်ငံသည်လည်း ကမ္ဘာကြီး၏ အပူချိန် လျှော့ချမှု တွင် အားစိုက်ထုတ်ရန် ကတိပြုခဲ့ပါကြောင်း၊ ထိုင်းနိုင်ငံအနေဖြင့်လည်း ၂၀၅၀ ပြည့်နှစ်တွင် ကာဗွန် ပျက်ပြယ်မှုသို့ ရောက်ရှိရန် မျှော်မှန်းထားပါကြောင်း၊ ကာဗွန်ခရက်ဒစ်ကုန်သွယ်မှုသည် စီးပွားရေး လုပ်ငန်းများကို ၎င်းတို့၏ ကာဗွန်စွန့်ထုတ်မှု လျှော့ချခြင်းကို ကူညီပေးသော စီးပွားရေးမက်လုံးတစ်ခု ဖြစ်ကြောင်း၊ ကုန်သွယ်မှုသည် ပတ်ဝန်းကျင်ဆိုင်ရာ စီမံကိန်းများ ဆောင်ရွက်ခြင်းဖြင့် လျော့နည်း လာသော ကာဗွန်စွန့်ထုတ်မှုဒီဂရီနှင့်ဆက်နွယ်ပါကြောင်း၊ ထုတ်လွှတ်လာသည့် ခရက်ဒစ်များကို ကာဗွန်ဒိုင်အောက်ဆိုဒ်ထုတ်လွှတ်မှုကို ခုနှိမ်လိုသည့် ကုမ္ပဏီများသို့ ရောင်းချနိုင်ကြောင်း၊ ACCF သည် အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား ကာဗွန်ခရက်ဒစ်ကုန်သွယ်မှု တိုးမြှင့်ရန်၊ ကုန်သွယ်မှုအတွက် ကုန်ကျစရိတ်မြင့်မားသော ရှိပြီးဖြစ်သည့် European Gold Standard ၏ အခြားနည်းလမ်းအဖြစ် ဒေသတွင်း ကာဗွန်ကုန်သွယ်မှုစံနှုန်းဖြစ်စေရန် ရည်ရွယ်ပါကြောင်း Mrs. Gloyta က ဆက်လက်ပြော ကြားခဲ့သည်။

ကနဦးအနေဖြင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများကို ကာဗွန်ခရက်ဒစ်ဈေးကွက်သို့ဝင်‌ရောက်ရန်အားပေးသွားမည် ဖြစ်ပါကြောင်း၊ ထိုင်းနိုင်ငံတွင်ကာဗွန်ခရက်ဒစ်ကုန်သွယ်မှုကို အစိုးရအဖွဲ့အစည်း များနှင့် ကုမ္ပဏီများကို ၎င်းတို့၏ အစိမ်းရောင်ဖန်လုံအိမ်ဓာတ်ငွေ့လျှော့ချနိုင်ရေး အားပေးရန် ဖွဲ့စည်း ထားသော ထိုင်းအစိမ်း‌ရောင်ဖန်လုံအိမ်ဓာတ်ငွေ့ စီမံခန့်ခွဲမှု အဖွဲ့မှ ၂၀၁၄ ခုနှစ်တွင် စတင်မိတ်ဆက် လာသည့် Thailand Voluntary Emission Reduction Program မှ အတည်ပြုပေးကြောင်း သိရှိရပါ သည်။

 

Source: www.bangkokpost.com  

သီတာဝင်း၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့။

 

 

Category: International News