International News

စင်ကာပူ အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများအတွက် နှောင့်နှေးကြန့်ကြာမှုများကို ဖယ်ရှားရန်နှင့် ခွင့်ပြုချက်လုပ်ငန်းစဉ်များ ချောမွေ့စေရန် အကူအညီပေးမည့် ရုံးအသစ်ဖွင့်လှစ်

Last Updated:

စင်ကာပူ အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ (SMEs) အတွက် နှောင့်နှေး ကြန့်ကြာမှုများကို ဖယ်ရှားရန်နှင့် ခွင့်ပြုချက်လုပ်ငန်းစဉ်များ ချောမွေ့စေရန် အကူအညီပေးမည့် ရုံးအသစ် SME Pro-Enterprise Office (SME PEO) ကို ၂၀၂၅ ခုနှစ်၊ ပထမနှစ်ဝက်တွင် ဖွင့်လှစ် သွားမည်ဖြစ်ကြောင်း စင်ကာပူနိုင်ငံ၊ ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးဌာန Senior Minister of State Low Yen Ling က ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၂၃ ရက်နေ့တွင် ကြေညာခဲ့ပါသည်။

SME PEO ကို ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးဌာန၏ ပံ့ပိုးမှုဖြင့် EnterpriseSG က တာဝန်ယူ ဆောင်ရွက်မည်ဖြစ်ပါသည်။ SME PEO သည် အစိုးရအေဂျင်စီတစ်ခုထက်ပို၍ ချိတ်ဆက်နေရ သည့် SME များထံမှ ပြောကြားချက်များ၊ တုံ့ပြန်ချက်များကို စုစည်း၍ သက်ဆိုင်ရာအေဂျင်စီထံသို့ အကြောင်းကြားခြင်းကို ဆောင်ရွက်ပေးမည်ဖြစ်ပါသည်။ သက်ဆိုင်ရာအေဂျင်စီအနေဖြင့်လည်း SME များထံမှ ပြောကြားချက်များ၊ တုံ့ပြန်ချက်များကို သိရှိပြီး လုပ်ထုံးလုပ်နည်းပိုင်းဆိုင်ရာ ကန့်သတ်ချက်များအပေါ် ဖြစ်နိုင်ခြေရှိသည့် အဖြေရှာမှုများကို ဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။

SME PEO သည် အရေးကြီးမှုအလိုက် အဆင့်သတ်မှတ်ခြင်း (Triage)၊ ခြေရာခံခြင်း (Track) နှင့် အရေးယူဆောင်ရွက်ခြင်း (Treat) စသည့် “T” ၃ ခု လုပ်ငန်းဆောင်ရွက်သွားမည်ဖြစ်ပါသည်။ ပထမအဆင့်အနေဖြင့် SME များထံမှရရှိလာသည့် ပြောကြားချက်များ၊ တုံ့ပြန်ချက်များကို စုစည်း၍ ဦးစားပေးအဆင့်အလိုက်ခွဲခြင်း၊ ဒုတိယအဆင့်အနေဖြင့် ဝန်ဆောင်မှုအဆင့်များတွင် ပြောင်းလဲမှုကို တိုင်းတာရန်အတွက် စနစ်တစ်ခုတည်ဆောက်ခြင်း၊ တတိယအဆင့်အနေဖြင့် ဖြေရှင်းပြီးသည့် ကိစ္စရပ်များကို ထပ်မံဆန်းစစ်ခြင်းနှင့် စနစ်တကျရှိ/မရှိ သတ်မှတ်ခြင်းတို့ကို ဆောင်ရွက်မည်ဖြစ်ပါသည်။ အစိုးရအနေဖြင့်လည်း အစိုးရအေဂျင်စီများ အကြား ပူးပေါင်း ဆောင်ရွက်မှုပိုမိုကောင်းမွန်စေခြင်း၊ လုပ်ငန်းခွင့်ပြုချက်များအတွက် ကြာမြင့်ချိန် လျှော့ချခြင်း စသည့် လုပ်ထုံးလုပ်နည်းပိုင်းဆိုင်ရာထိရောက်မှုဖြစ်စေမည့် အချက်များကို ရှာဖွေဖော်ထုတ်နိုင် မည်ဖြစ်ပါသည်။

စင်ကာပူနိုင်ငံ၊ ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးဌာန Senior Minister of State Low Yen Ling က “မိမိတို့အနေဖြင့် လုပ်ထုံးလုပ်နည်းပိုင်းဆိုင်ရာ အတားအဆီးနည်းပြီး ပိုမိုချောမွေ့ကာ လုပ်ထုံး လုပ်နည်းပိုင်းဆိုင်ရာအဆင့်များ လိုအပ်ကြောင်း၊ နည်းပညာအသစ်များ အလျင်အမြန် ပေါ်ပေါက် လာမှုနှင့် လျင်မြန်စွာ ပြောင်းလဲတိုးတက်နေသော စီးပွားရေးဝန်းကျင်တို့အတွက် အရေးပါ ကြောင်း၊ SME များအနေဖြင့် လုပ်ငန်းဆောင်ရွက်မှုကုန်ကျစရိတ်ကို ပိုမိုစီမံ ခန့်ခွဲနိုင်မည်ဖြစ်ပြီး အပိုထွက်ရှိလာသည့် လုပ်ငန်းစရိတ်ကို တီထွင်ဆန်းသစ်မှုနှင့် စီးပွားရေးလုပ်ငန်းပုံစံ ပြောင်းလဲမှုများတွင် ငွေကြေးပိုမိုအသုံးပြုနိုင်မည်ဖြစ်ကြောင်း၊ စင်ကာပူနိုင်ငံ လုပ်သားအင်အား၏ ၇၀ ရာခိုင်နှုန်းရှိပြီး စင်ကာပူနိုင်ငံ စီးပွားရေး၏ အသက် သွေးကြောဖြစ်သည့်အတွက် အစိုးရ အနေဖြင့် SME များ ဖွံ့ဖြိုးတိုးတက်ရေး၊ ခေတ်မီလုပ်ငန်းပုံစံ ပြောင်းလဲရေးတို့ကို အကူအညီ ပေးသွားမည်ဖြစ်ကြောင်း”  ပြောကြားခဲ့ပါသည်။

EnterpriseSG ၏ စီမံခန့်ခွဲမှုဒါရိုက်တာဖြစ်သူ Cindy Khoo က “စီးပွားရေးလုပ်ငန်း ဆောင်ရွက်ရာ တွင် နှစ်များကြာမြင့်လာမှုအရ ရှုပ်ထွေးမှုများ ဖြစ်ပေါ်လျက်ရှိကြောင်း၊ SME များနှင့် ယခု အစီအစဉ်အရ ထိတွေ့ဆောင်ရွက်ခြင်းဖြင့် ၎င်းတို့ရင်ဆိုင်နေရသည့် လုပ်ထုံးလုပ်နည်းပိုင်းဆိုင်ရာ လိုအပ်ချက်များကို နားလည်နိုင်မည်ဖြစ်ကြောင်း၊ SME PEO သည် SME များကို အကူအညီ ပေးမည့် ဗဟိုပူးပေါင်းဆောင်ရွက်ရေးရုံးဖြစ်ပြီး စက်မှုလုပ်ငန်းများနှင့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်မှုကို အဟန့်အတားဖြစ်စေသည့် လုပ်ထုံးလုပ်နည်းပိုင်းဆိုင်ရာ ရှုပ်ထွေးမှုများကို ဖော်ထုတ်နိုင်ရန်နှင့် ထိရောက်မှုရှိစေရန် အခြားအေဂျင်စီများနှင့်ပူးပေါင်းဆောင်ရွက်မည် ဖြစ်ကြောင်း” ပြောကြားခဲ့ပါသည်။

စင်ကာပူနိုင်ငံအနေဖြင့် စီးပွားရေး၏ အဓိကထောက်တိုင်ဖြစ်သည့် SME များ ဖွံ့ဖြိုးတိုးတက်စေ ရေး ကူညီထောက်ပံ့မှုများကို ဆောင်ရွက်လျက်ရှိပါသည်။ SME PEO သည် စင်ကာပူနိုင်ငံ အစိုးရ၏ လုပ်ထုံးလုပ်နည်းပိုင်းဆိုင်ရာ အတားအဆီးများကြောင့် SME များ ရင်ဆိုင်နေရသည့် အခက်အခဲများကို တင်ပြနိုင်မည့်၊ အစိုးရအေဂျင်စီများနှင့် စီးပွားရေးလုပ်ငန်းများအကြား ချိတ်ဆက်နိုင်မည့် ပိုမိုလွယ်ကူသည့် ဆက်သွယ်ရေးစင်္ကြံတစ်ခုကို ဖော်ဆောင်ပေးခြင်းဖြစ်ပါ ကြောင်း သုံးသပ်တင်ပြအပ်ပါသည်။

 

ရင်းမြစ်။        The Straits Times

စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ စင်ကာပူမြို့

Category: International News