Local News

ပြည်ပတင်ပို့မှုကောင်းလာသောကြောင့် မတ်ပဲ၊ ပဲစင်းငုံ၊ ပဲတီစိမ်းများ အပါအဝင် ပဲမာလိုင်းများဈေးမြင့်တက်လာ

Last Updated:

     ရွှေမန်း

     ပို့ကုန်ပဲများ ပြည်ပတင်ပို့မှု ကောင်းနေတာကြောင့် မတ်ပဲ၊ ပဲစင်းငုံ၊ ပဲတီစိမ်းများ ဝယ်လိုအားကောင်းပြီး အမြင့်ဈေးဖြစ်နေသလို ပြည်တွင်းသုံးပဲမာလိုင်းများလည်း လိုက်ပါဈေးမြင့်တက်နေကြောင်း ပဲ၊ နှမ်းကုန်သည်များထံက သိရသည်။ ပြည်ပသ‌ေင်္ဘာတင်ပို့မှုနှင့် ဒေါ်လာငွေ ဈေးအပြောင်းအလဲကို စောင့်ကြည့်ဝယ်ယူနေသည့် ပို့ကုန်သမားများနှင့် ပြည်တွင်းလှောင်လက်သမားများ ဖေဖော်ဝါရီ လဆန်းပိုင်းရက်များတွင် ဝယ်လိုအား သိသိသာသာကောင်းလာသလို ပဲနှမ်းဈေးကွက်အတွင်း အသစ်ဝင်ရောက်လာသည့် ပဲမျိုးစုံ ဈေးကောင်းရရှိကြောင်း ယခင်နှစ်ကာလတူထက် ပဲ၊ နှမ်းတစ်အိတ်လျှင် ငွေကျပ် ၅၀၀၀၀ ခန့် ဈေးပိုမိုရရှိနေကြောင်း ဦးကျော်သွင်( ရွှေစင်သိန်းပွဲရုံ)က ပြောသည်။

     "အသစ်ဝင် ပဲဈေးကွက်က အကုန်လုံး ဈေးကောင်းနေ၍ အဝယ်သွက်နေပါတယ်။ ပို့ကုန်ပဲအားလုံးရော တရုတ်လိုင်းပဲအားလုံး၊ ပြည်တွင်းသုံး ပဲမာလိုင်းအကုန် ဈေးမြင့်တက်လာပါတယ်။ ကလာတူ မနှစ်ကပဲဈေးတွေထက် လက်ရှိပဲရာသီ အသစ်မှာ ပဲဈေးတွေက တစ်အိတ်လျှင် ငွေကျပ် ၅၀၀၀၀ ဝန်းကျင် ပိုမိုမြင့်မားနေပါတယ်။ အရင်နှစ်တွေက ပို့ကုန်ပဲတွေလောက်ပဲ ဈေးမြင့်နေတာမျိုးနဲ့ ပြည်တွင်းသုံးပဲတွေက ဈေးကျဆင်းနေတာမျိုး ဖြစ်ခဲ့တာ အခုတော့ပို့ကုန်ပဲတွေနဲ့အတူ ပြည်တွင်းသုံး ပဲတွေပါလိုက်ပါဈေးမြင့်တက်လာပါတယ်" ဟု ၎င်းကပြောသည်။

     သို့သော်လည်း တောင်သူများအနေဖြင့် သွင်းအားစုများအပါအဝင်၊ သယ်ပို့စရိတ်၊ အလုပ်သမားစရိတ်များလည်း မြင့်မာနေတာကြောင့် အကျိုးအမြတ်ရသင့်သလောက် မရရှိနိုင်ကြောင်း၊ ပို့ကုန်ပဲများနှင့်အတူ ပြည်တွင်းသုံး ပဲမာလိုင်းများကောင်းလာတာကြောင့် ၎င်းကဆက်လက်ပြောကြားသည်။ "တောင်သူတွေ ပဲအမြင့်ဈေးရသလို စိုက်ပျိုးထုတ်လုပ်စရိတ်တွေလည်း မြင့်မားနေတာပါ။ အလုပ်သမားစရိတ် သယ်ယူပိုဆောင်စရိတ်တွေလည်း မြင့်လာတော့ အကျိုးအမြတ်ရှိတယ် ဆိုရုံကောက်ပါ။ ဖေဖော်ဝါရီလဆန်းပိုင်းမှာတော့ ပို့ကုန်ပဲတွေအပြင် ပြည်တွင်းပဲမာတွေ ဈေးကောင်းနေတာမို့ ပဲ၊နှမ်းဈေးကွက်တစ်ခုလုံး အရောင်းအဝယ်ကောင်နေပါတယ်" ဟု ၎င်းကပြောသည်။

မတ်ပဲ၊ ပဲစင်းငုံ၊ ပဲတီစိမ်း

     ပြည်ပသ‌ေင်္ဘာတင်ပို့ကုန်လိုင်း အဆင်ပြေလာသလို ဒေါ်လာဈေးကောင်းလာတာကြောင့်လည်း ပို့ကုန်ပဲများ တဖြည်းဖြည်း ဈေးမြင့်တက်လာရာ ဖေဖော်ဝါရီလ ၁ ရက်တွင် မတ်ပဲ သုံးတင်းဝင်တစ်အိတ်လျှင် ငွေကျပ် ၁၇၃၀၀၀၊ ပဲစင်းငုံတစ်အိတ်လျှင် ငွေကျပ်  ၁၈၀၀၀၀၊ ပဲတီစိမ်းရွှေဝါတစ်အိတ်လျှင် ၂၂၀၀၀၀၊ အညာမှာ ထိပ်စသုံးတင်းဝင်တစ်အိတ်လျှင် ငွေကျပ် ၁၆၅၀၀၀ ပေါက်ဈေးရှိသည်။

နှမ်း၊ မြေပဲ

     နယ်စပ်တင်ပို့မှုထက် ပင်လယ်သ‌ေင်္ဘာတင်ပို့မှုကပိုမိုစရတ်သက်သာတာကြောင့် ရန်ကုန်လိုင်းအဝယ်လိုင်း အဝယ်ကောင်းနေရာ နှမ်းဖြူ ၄၅ ပိဿာတစ်အိတ်လျှင် ငွေကျပ် ၃၂၅၀၀၀ထိ ပေါက်ဈေးဖြစ်လာပြီး နှမ်းနက်စမုန်မှာ တစ်အိတ်လျှင် ငွေကျပ် ၃၀၅၀၀၀ ထိပေါက်ဈေးရှိလာသည်။ မြေပဲအနီလုံးဆန် တစ်ပိဿာလျှင် ငွေကျပ် ၇၂၀၀၊ ဆီဆန်တစ်ပိဿာလျှင် ငွေကျပ် ၆၁၀၀ ပေါက်ဈေးထိ အမြင့်ဈေးဖြစ်လာသည်။

 ပို့ကုန်ပဲများ ဈေးကောင်းရေရှိတာနှင့်အတူ ပြည်တွင်းသုံး ပဲမာလိုင်းမျာလည်း သိသိသာသာအမြင့်ဈေးသို့ ရောက်ရှိလာရာ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ကုလားပဲ V2 တစ်အိတ်လျှင် ငွေကျပ် ၁၉၅၀၀၀၊ ပဲယင်းကြီး(သစ်) တစ်အိတ်လျှင် ငွေကျပ် ၁၄၈၅၀၀၊ ပဲကြီး(သစ်) တစ်အိတ်လျှင် ငွေကျပ် ၂၅၀၀၀၀၊ ပဲထောပတ် (သစ်) တစ်အိတ်လျှင် ငွေကျပ် ၂၅၀၀၀၀၊ ပဲဇီးကွက် တစ်အိတ်လျှင် ငွေကျပ် ၁၄၇၀၀၀၊ မြေထောက်ပဲတစ်အိတ်လျှင် ငွေကျပ် ၂၄၅၀၀၀၊ ကျွန်းစားတော်ပဲ တစ်အိတ်လျှင် ငွေကျပ် ၂၈၅၀၀၀ ပေါက်ဈေး ဖြစ်လာသည်။

မကွေးဂျာနယ်

Category: Local News