Local News

မအူပင်မြို့နယ်မှ ရန်ကုန်မြို့သို့ တစ်ရက်လျှင် တီလားဗီးယားငါး ပိဿာချိန် ၅၀၀၀ ခန့်အထိ တင်ပို့ရောင်းချ

Last Updated:

     ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် မအူပင်မြို့နယ်မှ ရန်ကုန်မြို့သို့ တစ်ရက်လျှင် မွေးမြူရေးတီလားဗီးယားငါး ပိဿာချိန် ၅၀၀၀ ခန့်အထိ တင်ပို့ရောင်းချနေရကြောင်း မအူပင်မြို့နယ် မွေးမြူရေးလုပ် ငန်းရှင်များအသင်းမှ မွေးမြူရေးတာဝန်ခံ ဦးမင်းမင်းနိုင်၏ ပြောဆိုချက်အရ သိရသည်။ မအူပင်မြို့နယ်၌ ဒေသထွက်မွေးမြူရေး တီလားဗီးယားငါးများကို ရေထွက်ကုန်ပစ္စည်း ရောင်းဝယ်ရေး ပွဲရုံလုပ်ငန်းများမှ ဝယ်ယူပြီး   စနစ်တကျသန့်စင်ကာ ရန်ကုန်မြို့သို့ တင်ပို့ရောင်းချလျက်ရှိသည်။ ဖေဖော်ဝါရီလအတွင်းက တစ်ရက်လျှင် ပိဿာချိန် ၁၅၀၀ မှ ၂၀၀၀ အထိသာ တင်ပို့ရောင်းချခဲ့ရသော်လည်း မတ်လအတွင်း  တစ်ရက်လျှင် ပိဿာချိန်  ၅၀၀၀ ခန့်အထိ တင်ပို့ရောင်းချရကြောင်း သိရသည်။

     “လက်ရှိ ရန်ကုန်ဈေးကွက်ကလည်း တီလားဗီးယားငါးတွေကို ဝယ်လိုအားများနေတာကြောင့် တော်တော်များများ တင်ပို့ရောင်းချနေရတယ်။ သင်္ကြန်ကာလနီးလာရင် ပိဿာချိန် ပိုမို တင်ပို့ရဖို့ရှိပါတယ်။ မအူပင်မြို့နယ်ဘက်မှာက တခြားငါးအမျိုးအစားတွေနဲ့ယှဉ်ရင် တီလားဗီးယားငါးမွေးမြူတာ ပိုပြီးအဆင်ပြေကြတာ တွေ့ရပါတယ်” ဟု  ဦးမင်းမင်းနိုင်က ပြောသည်။ မအူပင်မြို့နယ်၌ တီလားဗီးယားငါး သားပေါက်များကို ရန်ကုန်တိုင်းဒေသကြီး ခရမ်းမြို့နယ်မှ ဝယ်ယူမွေးမြူခြင်းဖြစ်ကြောင်း၊ ငါးသားပေါက်တစ်ကောင်လျှင် ငွေကျပ် ၄၀ မှ ၄၅ ကျပ်ဖြင့် ဝယ်ယူမွေးမြူရပြီး ရောင်းတမ်းဝင်ရန် လေးလခန့်မွေးမြူရကြောင်း သိရသည်။ မအူပင်မြို့နယ်မှ ရန်ကုန်မြို့သို့ တင်ပို့ရောင်းချနေသည့် တီလားဗီးယားငါး တစ်ပိဿာလျှင် ငွေကျပ် ၅၅၀၀ အထိရရှိကြောင်း သိရသည်။                        

သုတကျော်

Source: https://myawady.net.mm

Category: Local News