Local News

ဆိပ်ဖြူမြို့နယ်ကုန်စည်ဒိုင်သို့ ကြက်သွန်နီအဝင်များပြီး ဈေးငြိမ်နေ

Last Updated:

       မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ် ကြက်သွန်နီကုန်စည်ဒိုင်သို့   ယခုရက်ပိုင်းအတွင်း ဒေသထွက်ကြက်သွန်နီများ အဝင်များပြီး  ဈေးငြိမ်နေကြောင်း  ဒေသခံတောင်သူများနှင့် ကြက်သွန်နီကုန်သည်များ၏ပြောဆိုချက်အရ သိရသည်။ ဆိပ်ဖြူမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများသည် စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်ရာတွင် ကြက်သွန်နီကို အဓိကစိုက်ပျိုးကြပြီး ထွက်ရှိသောကြက်သွန်နီများကို ဆိပ်ဖြူကုန်စည်ဒိုင်သို့ နေ့စဉ်တင်ပို့ရောင်းချကြရာ ကုန်စည်ဒိုင်သို့ နေ့စဉ်ကြက်သွန်နီပိဿာချိန် တစ်သိန်းနှင့်အထက် ဝင်ရောက်မှုရှိကြောင်း သိရသည်။

      ဆိပ်ဖြူကြက်သွန်နီကုန်စည်ဒိုင်သည် ရန်ကုန်မြို့ ဘုရင့်နောင်ကုန်စည်ဒိုင်၏ ကြက်သွန်နီဈေးနှုန်းပေါ်မူတည်၍ အရောင်းအဝယ် ပြုလုပ်နေခြင်းဖြစ်ပြီး လက်ရှိကြက်သွန်နီဈေးနှုန်းမှာ အမြင့်ဆုံးဈေး တစ်ပိဿာလျှင် ငွေကျပ် ၁၀၀၀ နှင့် အနိမ့်ဆုံးဈေး ငွေကျပ် ၈၀၀ ရှိသည်။ မတ် ၁၄ ရက်တွင် ကြက်သွန်နီတစ်ပိဿာလျှင် အမြင့်ဆုံးဈေး ငွေကျပ် ၁၀၂၅ ကျပ်၊ အနိမ့်ဆုံးဈေး ငွေကျပ် ၈၀၀ ဖြင့် အရောင်းအဝယ် ပြုလုပ်ပြီး ကုန်အဝင်မှာ ပိဿာချိန် ၁၁၅၀၀၀ အထိ  ဝင်ရောက်လျက်ရှိကြောင်း သိရသည်။

      ဆိပ်ဖြူမြို့နယ်မှထွက်ရှိသော ကြက်သွန်နီများကို ရန်ကုန်မြို့သို့ အဓိကတင်ပို့ရောင်းချသကဲ့သို့ မြဝတီမြို့နှင့် တခြားသောမြို့နယ်များသို့လည်း တင်ပို့ရောင်းချလျက်ရှိရာ လက်ရှိ ကြက်သွန်နီတင်ပို့ရောင်းချမှုအနေဖြင့် နေ့စဉ်ပိဿာချိန် ၇၀၀၀၀ နှင့် ၉၀၀၀၀ ကျော် တင်ပို့ရောင်းချနေရကြောင်းနှင့် လက်ရှိဈေးနှုန်းမှာ စိုက်ပျိုးတောင်သူများအတွက် အဆင်ပြေမှုရှိကြောင်း သိရသည်။

ကိုဇွဲ(အညာမြေ)

Source: https://myawady.net.mm

Category: Local News