International News

ဒါလင်မြစ်အတွင်း ငါးများအစုလိုက် အပြုံလိုက် သေဆုံးခြင်းက အောက်ဆီဂျင်ပမာဏ ကျဆင်းမှုကြောင့်ဖြစ်

Last Updated:

       သြစတြေးလျနိုင်ငံ နယူးဆောက်ဝေးပြည်နယ်ရှိ ဒါလင်မြစ်အတွင်း ငါးများအစုလိုက်အပြုံလိုက် သေဆုံးခြင်းက အောက်ဆီဂျင်ပမာဏ ကျဆင်းမှုကြောင့်ဖြစ်ကြောင်း သိရသည်။ ထောင်ပေါင်းများစွာသော ငါးများသည် ဒါလင်မြစ်အတွင်း သေဆုံးနေသည်ကို ယခုသီတင်းပတ်အတွင်း  တွေ့ရှိရခြင်းဖြစ်ပြီး ထိုသို့ ငါးများ သေဆုံးမှုနှင့်   ပတ်သက်၍ ပတ်ဝန်းကျင် ထိန်းသိမ်းရေး  တာဝန်ရှိသူများက ယခုကဲ့သို့ ထုတ်ပြန် လာ ခြင်းဖြစ်သည်။

       ၂၀၁၈ ခုနှစ်နှင့် ၂၀၁၉ ခုနှစ်တုန်းကလည်း ထိုမြစ်အတွင်းရှိ  အလားတူနေရာ၌ပင် ငါးအကောင်ရေ တစ်သန်းအထိ သေဆုံးခဲ့ဖူးပြီး ထိုစဉ်ကငါးများသေဆုံးခြင်းမှာ ရေစီးရေလာ မကောင်းမှု၊ ရေအရည်အသွေး ညံ့ဖျင်းမှု၊ အပူချိန်ရုတ်တရက် ပြောင်းလဲမှုတို့ကြောင့်ဖြစ်သည်။ လက်ရှိအချိန်တွင် အဆိုပါနေရာရှိ ရေအတွင်း အောက်ဆီဂျင်ပျော်ဝင်မှု ပမာဏမှာ  ငါးများ၏ အသက်အန္တရာယ်အတွက် အလွန်စိုးရိမ်ဖွယ်ကောင်းသည့် အခြေအနေ၌ရှိကြောင်း နယူးဆောက်ဝေးပြည်နယ် စီမံကိန်းနှင့် ပတ်ဝန်းကျင်ဌာန ရေအရင်းအမြစ်ဌာနခွဲက တွစ်တာတွင် ရေးသားထားသည်။

       ထို့ပြင် ယခုသီတင်းပတ်အတွင်း အပူချိန်ဆက်လက် မြင့်တက်နိုင်သည့်အတွက် မြစ်အတွင်း အောက်ဆီဂျင် ပမာဏသည်လည်း ဆက်လက်ကျဆင်းနိုင်ကြောင်းနှင့် အအေးဓာတ်ဝင်မည့် လာမည့် သီတင်းပတ်မှသာ အောက်ဆီဂျင်ပမာဏ မြင့်တက်လာနိုင်ကြောင်း အစိုးရစီမံကိန်းနှင့် ပတ်ဝန်းကျင်ရေးရာ ဌာနက ထုတ်ပြန်ထားသည်။

Source: https://myawady.net.mm/node/38409

Category: International News