Local News

ဘိုကလေးမြို့နယ်မှ ဒေသထွက်ငါးရံ့ခြောက်များ အရောင်းအဝယ်ကောင်းနေ

Last Updated:

ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင် ဘိုကလေးမြို့နယ်မှ ဒေသထွက်ငါးရံ့ခြောက်များ အရောင်းအဝယ်ကောင်းနေကြောင်း ဘိုကလေးမြို့ ငါးခြောက်ရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်သူဇာက ပြောပြ၍ သိရသည်။ ဘိုကလေးမြို့နယ်မှ ဒေသထွက် ငါးရံ့ခြောက်များကို ရန်ကုန်မြို့နှင့် အခြားဒေသများက ဝယ်ယူမှုအားကောင်းနေခြင်းကြောင့် ဈေးကောင်းရရှိနေခြင်းဖြစ်ကြောင်း၊ မေလပထမပတ်မှ မေလ ၂၁ ရက်နေ့ထိ ငါးရံ့ခြောက် တစ်ပိဿာလျှင် ငွေကျပ် ၂၂၀၀၀ မှ ၇၈၀၀၀ ထိ ဈေးကောင်းရရှိနေကြောင်း သိရသည်။

“ဘိုကလေးမြို့နယ်ကနေ ငါးခြောက်အစုံကို ရန်ကုန်နဲ့ အခြားဒေသတွေကို တင်ပို့ရောင်းချနေပါတယ်။ လက်ရှိ ဒေသထွက်ငါးရံ့ခြောက်တွေကို ရန်ကုန်ဈေးကွက်က ဝယ်လိုအားကောင်းနေပါတယ်။ ဈေးကတော့ ငါးခြောက်အသေးက တစ်ပိဿာကို ငွေကျပ် ၂၂၀၀၀ နဲ့ အကြီးက တစ်ပိဿာကို ငွေကျပ် ၇၈၀၀၀ ထိ ဈေးပေါက်နေတာပါ။ လက်ရှိ အရောင်းအဝယ်ဖြစ်နေတဲ့ ငါးရံ့ခြောက်တွေကတော့ နွေလက်ကျန်ငါးခြောက်တွေပါ။ အခုလို အရောင်းအဝယ်ကောင်းနေတာကြောင့် ကုန်သည်တွေနဲ့ ငါးခြောက်သိုလှောင်ထားသူတွေ အဆင်ပြေနေပါတယ်” ဟု ဘိုကလေးမြို့ ငါးခြောက်ရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်သူဇာက ပြောပြသည်။

ဘိုကလေးမြို့နယ်မှ ထွက်ရှိသည့်ငါးရံ့ခြောက်များကို ရန်ကုန်မြို့သို့ တစ်ပတ်လျှင် ငါးရံ့ခြောက်ပိဿာချိန် ၁၀၀ မှ ၂၀၀ ထိ တင်ပို့ရောင်းချနေရကြောင်း၊ အဆိုပါ ဒေသထွက် ငါးရံ့ခြောက်များကို ရန်ကုန်၊ နေပြည်တော်တို့မှတစ်ဆင့် တရုတ်နိုင်ငံ၊ စင်ကာပူနိုင်ငံ၊ ထိုင်းနိုင်ငံတို့သို့ တင်ပို့ရောင်းချနေကြောင်း သိရသည်။

Source: ရတနာပုံသတင်းစာ

Category: Local News