International News

ဗီယက်နမ်နိုင်ငံ Lạng Sơn နယ်စပ်ဂိတ်မှတစ်ဆင့် ပို့ကုန်-သွင်းကုန် ကုန်သွယ်မှုပမာဏသည် အမေရိကန်ဒေါ်လာ ၂၂ ဘီလီယံကျော်သို့ရောက်ရှိ

Last Updated:

Lạng Sơn နယ်စပ်ဂိတ်မှတစ်ဆင့် သွင်းကုန်-ပို့ကုန် စုစုပေါင်း ကုန်သွယ်မှုပမာဏသည် ယခုနှစ် ပထမလေးလခွဲတွင် အမေရိကန်ဒေါ်လာ ၂၂ ဘီလီယံကျော် ရှိလာခဲ့ပြီး ၂၀၂၃ ခုနှစ် အလား တူကာလထက် ၂၉ ရာခိုင်နှုန်း တိုးတက်လာခဲ့ကြောင်း Viet Nam News အွန်လိုင်းသတင်း ဖော်ပြချက်အရ သိရှိရပါသည်။

အစည်ကားဆုံးနယ်စပ်ဂိတ် ၂ ခုဖြစ်သည့် Tân Thanh နှင့် Hữu Nghị နယ်စပ်ဂိတ်နှစ်ခုတွင် လယ်ယာထွက်ကုန်များ၊ သစ်သီးများ၊ ကားများ၊ အီလက်ထရွန်းနစ်ပစ္စည်းများနှင့် အိမ်သုံးကုန် ပစ္စည်းများ တင်သွင်းခြင်းနှင့် တင်ပို့ခြင်းများအတွက် အကောက်ခွန်အရာရှိများမှ သွင်းကုန်-ပို့ကုန် အကောက်ခွန်ရှင်းလင်းရေး လုပ်ငန်းများဆောင်ရွက်လျက်ရှိပါသည်။

၂၀၂၄ ခုနှစ် ဧပြီလမှစတင်၍ ပျမ်းမျှအားဖြင့် Huu Nghi နှင့် Tan Thanh ဂိတ်များမှ တစ်ဆင့် နေ့စဉ်လတ်ဆတ်သော သစ်သီးဝလံများ သယ်ဆောင်သည့် ကားအစီးရေ ၄၀၀ ခန့်ရှိပြီး အဆိုပါ တင်ပို့ကုန်များတွင် လယ်ယာထွက်ကုန်များဖြစ်သည့် သရက်သီး၊ ဂျုန်းသီး၊ ဖရဲသီး၊ ဒူးရင်း၊ နဂါးမောက်သီးတို့ ပါဝင်ကြောင်း Tân Thanh အကောက်ခွန်ဌာနခွဲ ညွှန်ကြားရေးမှူး Vũ Văn Bình ၏အဆိုအရ သိရှိရပါသည်။

စိုက်ပျိုးရာသီတွင် Tân Thanh ရှိ အကောက်ခွန်ဌာနအနေဖြင့် တစ်ရက်လျှင် ပျမ်းမျှ ကားအစီးရေ ၂၀၀ ခန့်အတွက် အကောက်ခွန်ရှင်းလင်းရေး လုပ်ငန်းစဉ်များကို ဆောင်ရွက်လျက် ရှိပြီး တင်ပို့မှုအများဆုံးအချိန်တွင် ကားအစီးရေ ၃၀၀ နီးပါးအထိ ဆောင်ရွက်ရကြောင်း၊  တစ်နေ့ လျှင် သစ်သီးဝလံ တန်ချိန် ၈,၀၀၀ မှ ၁၀,၀၀၀ ခန့် တင်ပို့နေပြီး ၂၀၂၃ ခုနှစ် နှစ်ကုန်ပိုင်းနှင့် နှိုင်းယှဉ်ပါက ၅၀ ရာခိုင်နှုန်းကျော် တိုးမြင့်လာကြောင်း သိရှိရပါသည်။

Lạng Sơn ခရိုင်ရှိနယ်စပ်ဂိတ်များတွင် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများက လုပ်ငန်းများ ချောမွေ့စေရန်အတွက် ညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ကုန်သွယ်မှုလုပ်ငန်းများ အဆင်ပြေချောမွေ့စေရန် တရုတ်မိတ်ဖက်များနှင့် သံတမန်အဆက်အသွယ်များကို ထိန်းသိမ်းလျက်ရှိကြောင်း၊ အကောက်ခွန်ဌာနများအနေဖြင့် လုပ်ထုံးလုပ်နည်းများကို ဦးစားပေးလုပ် ဆောင်ကာ အကောက်ခွန်ရှင်းလင်းရေးအချိန်ကို တိုးမြှင့်ကာ Hữu Nghị အပြည်ပြည်ဆိုင်ရာ နယ်စပ်ဂိတ်များတွင် ယာဉ်ကြောပိတ်ဆို့မှုကို လျှော့ချရန် လမ်းကြောင်းစီမံခန့်ခွဲမှုကိုလည်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း ဖော်ပြထားပါသည်။

 

 

Source: Viet Nam News

(စီးပွားရေးသံမှူး၊ဗီယက်နမ်)

Category: International News