International News

ဘာစမာတီဆန်တင်ပို့မှု အနိမ့်ဈေးနှုန်းသတ်မှတ်ချက်အား အိန္ဒိယအစိုးရက ဖြေလျော့မှု မပြု

Last Updated:

အိန္ဒိယနိုင်ငံ၌ ဘာစမာတီဆန် တင်ပို့မှုအပေါ် အနိမ့်ဆုံးပို့ကုန်ဈေးနှုန်းကို တစ်တန်လျှင် ဒေါ်လာ ၁၂၀၀ ချမှတ်ထားရာမှ ဒေါ်လာ ၉ဝဝ သို့ လျှော့ချပေးရန် ပို့ကုန်လုပ်ငန်းရှင်များ၏ တောင်းဆိုမှုအား ပြည်ထဲရေးဝန်ကြီး Amit Shah ဦးဆောင်သော ဝန်ကြီးများပါဝင်သည့် ကော်မတီက ပယ်ချခဲ့သော်လည်း ဆက်လက်စဉ်းစားဆောင်ရွက်ရမည့် ကိစ္စရပ်အဖြစ် ထားရှိ ကြောင်း အိန္ဒိယစားနပ်ရိက္ခာဝန်ကြီးဌာနက ပြောကြားခဲ့ပါသည်။

အစိုးရ၏ လယ်ယာထွက်ကုန်တင်ပို့မှု မြှင့်တင်ရေး အဖွဲ့အစည်းဖြစ်သော APEDA သည် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်အရ အင်တာနက်စင်္ကြန်မှ လျှောက်လွှာဖိုင် လက်ခံသည့်စနစ်ကို ပြောင်းလဲမှုများပြုလုပ်ခဲ့ပြီးနောက် ၂၈-၈-၂၀၂၃ နေ့မှစတင်၍ တစ်တန်လျှင် ဒေါ်လာ ၁၂ဝဝ အောက် လျော့နည်းသော ဈေးနှုန်းဖြင့် ချုပ်ဆိုသည့် ဘာစမာတီဆန် ပို့ကုန် စာချုပ်များကို မှတ်ပုံတင်ဆောင်ရွက်ခြင်းမရှိတော့ကြောင်း သိရှိရပါသည်။

အိန္ဒိယစားနပ်ရိက္ခာဝန်ကြီးဌာနက အစိုးရအနေဖြင့် ပြည်တွင်းဆန်ဈေးနှုန်းများကို ထိန်းညှိ နိုင်ရန်နှင့် ပြည်တွင်းစားသုံးသူများအတွက် လုံလောက်သောဆန်များရရှိစေရန်အတွက် နည်းလမ်း များစွာကို ဆောင်ရွက်ခဲ့ကြောင်း၊ အဆိုပါနည်းလမ်းများအနက် ဘာစမာတီဆန် တစ်တန်လျှင် ဒေါ်လာ ၁၂ဝဝ နှင့်အထက် စာချုပ်ချုပ်ဆိုမှုများကိုသာ မှတ်ပုံတင်မှုနှင့် ခွဲတမ်းချထားမှု လက်မှတ် (Registration-cum-Allocation Certificate - RCAC) ထုတ်ပေးသည့် နည်းလမ်းလည်း ပါဝင် ကြောင်း၊ အဆိုပါနည်းလမ်းကိုဆောင်ရွက်ရခြင်းမှာ အစိုးရသည် ဇူလိုင်လ ၂ဝ ရက်နေ့မှ စတင်၍ ဘာစမာတီမဟုတ်သောဆန်ဖြူတင်ပို့မှုကို တားမြစ်ပိတ်ပင်ခဲ့ပြီးနောက် ၎င်းဆန်များကို ဘာစမာ တီဆန်၏ HS code ဖြင့် အမျိုးအစား ပြောင်းလွှဲလျက် တရားမဝင် တင်ပို့နေသည်ဟူသော အစီရင်ခံစာများကို လက်ခံရရှိခဲ့ခြင်းကြောင့်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

လက်ရှိကျင့်သုံးနေသော အနိမ့်ဆုံးပို့ကုန်ဈေးနှုန်း သတ်မှတ်မှုအတိုင်း ဆောင်ရွက်ရန် ဆုံးဖြတ်ချက်ကို ဝန်ကြီးများပါဝင်သော ကော်မတီကချမှတ်ခဲ့ပြီး ၁၄-၁၀-၂၀၂၃ နေ့တွင် စားနပ် ရိက္ခာဝန်ကြီးဌာနသည် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် APEDA အာဏာပိုင်အဖွဲ့တို့ ထံသို့ ဆက်လက်အကြောင်းကြားခဲ့ခြင်းဖြစ်ပါသည်။

အိန္ဒိယ ဆန်တင်ပို့သူများအသင်း (AIREA) က ၁၄-၁၀-၂၀၂၃ နေ့၌ အကြံပြုစာထုတ်ပြန်ရာ တွင် အစိုးရအနေဖြင့် ဘာစမာတီဆန်စာချုပ်များကို တစ်တန်လျှင် ဒေါ်လာ ၁၂ဝဝ အထက်ဖြင့် သာ RCAC အသိလက်မှတ်ထုတ်ပေးရေးအတွက် မှတ်ပုံတင်ခွင့်ပြုသွားမည်ဟူသည့် ကန့်သတ် ချက်များကို ဆက်လက် ကျင့်သုံးသွားမည်ဖြစ်ကြောင်းနှင့် AIREA အဖွဲ့ဝင်များအနေဖြင့် ဆန် ဝယ်ယူ သိုလှောင်ရာတွင် စီးပွားရေးအကျိုးသက်ရောက်မှုနှင့် ဘာစမာတီဆန်တင်ပို့မှု အလား အလာများကို သတိကြီးစွာထား၍ဆောင်ရွက်သွားကြရန် ဖော်ပြထားသည်။ AIREA ၌ ဥက္ကဌအဖြစ် ဆောင်ရွက်ခဲ့သော Vijay Setia က ဆန်တင်ပို့သူ အများစုသည် အဆိုပါအကြံပြုစာ ထုတ်ပြန်ပြီး သည့်နောက်ပိုင်း ဘာစမာတီဆန် ဝယ်ယူမှုမပြုတော့ကြောင်း ပြောဆိုပါသည်။

စက်တင်ဘာလ ၂၅ ရက်နေ့၌ ကျင်းပပြုလုပ်ခဲ့သော ဘာစမာတီဆန်လုပ်ငန်းရှင်များနှင့် အစည်းအဝေးတွင် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး Piyush Goyal က ဘာစမာတီဆန် အနိမ့်ဆုံး ပို့ကုန်ဈေးနှုန်းကို တစ်တန်လျှင် ဒေါ်လာ ၈၅ဝ သို့လျှော့ချသတ်မှတ်သွားရန် သဘောတူညီခဲ့ ကြောင်း၊ APEDA ၏ ကိန်းဂဏန်းများအရ ပို့ကုန်တင်ပို့သူများမှဖော်ပြသည့် ဘာစမာတီဆန် တစ် တန်လျှင် ပျမ်းမျှဈေးနှုန်းများမှာ ၂ဝ၂၂ ခုနှစ် အောက်တိုဘာလတွင် ၁ဝ၄၈.၈၂ ဒေါ်လာ၊ နိုဝင်ဘာ လ၌ ၁ဝ၁၆.၂၉ ဒေါ်လာ၊ ဒီဇင်ဘာလတွင် ၉၉၈.၁၆ ဒေါ်လာနှင့် ၂ဝ၂၃ ခုနှစ် ဇန်နဝါရီလ၌ ၁ဝ၄၅.၂၁ ဒေါ်လာ အသီးသီးရှိခဲ့ကြောင်း၊ အိန္ဒိယ ဆန်တင်ပို့သူများအသင်းမှ ကိုယ်စားလှယ်အဖွဲ့ သည် APEDA အာဏာပိုင်အဖွဲ့၏ ဥက္ကဌနှင့် တွေ့ဆုံပြီး ဘာစမာတီဆန်အနိမ့်ဆုံးပို့ကုန် ဈေးနှုန်း သတ်မှတ်ချက်ကို လျှော့ချသတ်မှတ်ပေးရန် တောင်းဆိုသွားမည်ဖြစ်ကြောင်း သိရှိရသည်။

Source: The Hindu Business Line, 15 Oct 2023 (လယ်ယာထွက်ကုန်များနှင့်အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

Source:https://www.doca.gov.mm/my/node/14466

Category: International News