International News

ပေါင်းဆန်အပေါ် ပို့ကုန်ခွန် ၂ဝ% အိန္ဒိယအစိုးရက ဆက်လက်ကောက်ခံမည်

Last Updated:

အိန္ဒိယနိုင်ငံ၌ ၁၅-၁၀-၂၀၂၃ နေ့တွင် သက်တမ်းကုန်ဆုံးမည့် ပေါင်းဆန်အပေါ် ပို့ကုန်ခွန် ၂ဝ ရာခိုင်နှုန်းကောက်ခံရန် ချမှတ်ထားရှိမှုကို ၂ဝ၂၄ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့အထိ ထပ်မံ သက်တမ်းတိုးမြှင့်လိုက်ကြောင်း အိန္ဒိယဘဏ္ဍာရေးဝန်ကြီးဌာနက ၁၃-၁၀-၂၀၂၃ နေ့၌ အမိန့် ကြော်ငြာစာ ထုတ်ပြန်ခဲ့ပါသည်။

ကုန်သည်များ၏ပြောကြားချက်အရ ပို့ကုန်ခွန်ကောက်ခံမှု သက်တမ်းတိုးမြှင့်လိုက်ခြင်းမှာ ၂ဝ၂၃ ခုနှစ် နိုဝင်ဘာလတွင် အိန္ဒိယနိုင်ငံရှိ အချို့ပြည်နယ်များ၌ ပြည်နယ်ရွေးကောက်ပွဲများ ပြုလုပ်သွားမည်ဖြစ်ရာ ရွေးကောက်ပွဲကျင်းပစဉ် ကာလအတွင်း ပြည်တွင်းဆန်ဈေးနှုန်းများကို စစ်ဆေးစောင့်ကြည့်သွားရန်အတွက်ဖြစ်ကြောင်း သိရှိရပါသည်။

ပုံမှန်အားဖြင့် စက်တင်ဘာလ တတိယပတ် သို့မဟုတ် စတုတ္ထပတ်တွင် ထုတ်ပြန်လေ့ရှိ သည့် ဆန်စပါးထွက်ရှိမှု ခန့်မှန်းချက်ကိန်းဂဏန်းများကို အိန္ဒိယအစိုးရက ထုတ်ပြန်ခြင်းမရှိသေး ကြောင်း၊ ၂ဝ၂၃ ခုနှစ်ဇူလိုင်လတွင် ဘာစမာတီမဟုတ်သောဆန်ဖြူ တင်ပို့မှုကို တားမြစ်ပိတ်ပင် ခဲ့ပြီးနောက် ဩဂုတ်လ၌ ဘာစမာတီဆန် သင်္ဘောတင်ပို့မှုကို ထိန်းချုပ်နိုင်ရန် ဘာစမာတီဆန် တင်ပို့မှုအပေါ် ပို့ကုန်ခွန်ကောက်ခံခဲ့ကြောင်း၊ ဆန်ကွဲတင်ပို့မှုအပေါ် တားမြစ်ပိတ်ပင်မှုကိုလည်း ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

ကျွမ်းကျင်ပညာရှင်များ၏ ပြောကြားချက်အရ လက်ရှိ မိုးသီးနှံရာသီ၌ စပါးစိုက်ဧကမှာ ယခင်နှစ်ကာလထက် အနည်းငယ် ပိုမိုတိုးတက်လာသော်လည်း ဩဂုတ်လတွင် မိုးရွာသွန်းမှု လျော့နည်းခြင်းနှင့် ဟာရီယာနာနှင့် ပန်ဂျပ်ပြည်နယ်တို့၌ ရေလွှမ်းမိုးမှုများ ဖြစ်ပေါ်ခဲ့ခြင်းတို့ ကြောင့် စပါးသီးနှံရိတ်သိမ်းထွက်ရှိမှုမှာ လျော့နည်းသွား နိုင်ဖွယ်ရှိကြောင်း သိရှိရပါသည်။ ဟာရီယာနာပြည်နယ်မှ အစိုးရအရာရှိတစ်ဦးက ပြည်နယ်အတွင်း ဘာစမာတီမဟုတ်သောစပါး စိုက်ဧကမှာ လျော့နည်းခဲ့ပြီး ဘာစမာတီစပါးစိုက်ဧကမှာ တိုးတက်လာသဖြင့် စပါးစိုက်ဧရိယာ တိုးတက်လာကြောင်း ပြောကြားခဲ့ပါသည်။

၂ဝ၂၂ ခုနှစ် မိုးသီးနှံရာသီ၌ အိန္ဒိယ၏ ဆန်ထုတ်လုပ်မှုမှာ တန်ချိန် ၁၁ဝ သန်းရှိခဲ့ပြီး ယခုနှစ် မိုးသီးနှံရာသီကာလတွင် ဆန်စိုက်ပျိုး ထုတ်လုပ်မှုမှာ မျှော်မှန်းထားသော တန်ချိန် ၁၁၁ သန်း အောက်သို့ လျော့နည်းကျဆင်းမည်ကို စိုးရိမ်လျက်ရှိကြောင်း Hindu Business Line သတင်းဌာန က ဖော်ပြပါသည်။

Source: The Hindu Business Line, 13 Oct 2023 (လယ်ယာထွက်ကုန်များနှင့်အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

Source:https://www.doca.gov.mm/my/node/14467

Category: International News