Local News

တရုတ်ကပဲမျိုးစုံနဲ့ဆန်ကိုဦးစားပေးဝယ်ယူနေ

Last Updated:
       တရုတ်က နယ်စပ်ဂိတ်တွေ ပြန်ဖွင့်လိုက်ပြီးနောက်ပိုင်း တခြားလယ်ယာထွက်သီးနှံတွေထက် ပဲမျိုးစုံနဲ့ ဆန်ကို ဦးစားပေးဝယ်ယူနေကြတယ်လို့ နယ်စပ်ကုန်သည်တွေဆီကနေ သိရပါတယ်။ “တခြားသီးနှံတွေ အရောင်းအဝယ်ဖြစ်နေတယ်ဆိုပေမယ့် သွက်လိုက်၊ အေးလိုက်ပေါ့။ အရင်လို အခြေအနေက သိတဲ့အတိုင်း ပြန်မဖြစ်သေးဘူး။ ဒါပေမယ့် အခုနောက်ပိုင်း တရုတ်ဘက်က ပဲမျိုးစုံနဲ့ ဆန်ကိုတော့ အဝယ်လိုက် နေတယ်။ ကုန်မရှိရင် စျေးတင်ခေါ်တယ်။ အဲ့လိုမျိုးထိကို ဖြစ်နေတာ။”လို့ မူဆယ်အခြေစိုက် ကုန်သည်တစ်ဦးက ဆိုပါတယ်။
     အဓိက တင်ပို့နေရတဲ့ မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစင်းငုံ အားလုံးဈေးတက်နေပြီး ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက ပဲတစ်တန်ကို ကျပ် ၁၈ သိန်း၊ သိန်း ၂၀ ဝန်းကျင်အထိ ရှိခဲ့တာပါ။ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ချင်းရွှေဟော် နယ်စပ်ဂိတ်ဘက် မှာလည်း တရုတ်ဘက်က ပဲမျိုးစုံနဲ့ ဆန်အဝယ်များတယ်လို့ ကုန်သည်တစ်ဦးက အခုလို ပြောပါတယ်။
    “ကျွန်တော်တို့ ဒီ ချင်းရွှေဟော်နယ်စပ်မှာဆိုရင် အဓိက ပဲမျိုးစုံနဲ့ ဆန်အဝယ်လိုက်နေတယ်။ ကြံတို့၊ ပြောင်းတို့နဲ့ တခြားဟာတွေကတော့ ပုံမှန်အဝယ်ရှိတာပေါ့။ အဝယ်လိုက်ရင်တော့ စျေးပိုရတာပေါ့။ ဘာအခက်အခဲရှိလဲ ဆိုရင်တော့ သူတို့ဘက်က လိုချင်ပြီဆိုရင် အားချင်းပဲ။ အဲဒါတစ်ခု အခက်အခဲရှိတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကုန်က လိုသလောက်မရရင် တိုင်ပတ်ပြီ။ အဲဒါတစ်ခုပဲ။ အခုက ပြည် တွင်းကုန်ကလည်း ရှားနေတယ် ဆိုတော့လေ။ စျေးကောင်းနေပေမယ့် ကုန်ကရှားတော့ အခက်အခဲရှိနေတယ်။”လို့ ဆိုပါတယ်။

   မြန်မာနိုင်ငံကထွက်တဲ့ ပဲမျိုးစုံကို အိန္ဒိယ၊ တရုတ်နဲ့ ပြည်ပနိုင်ငံတွေကို နယ်စပ်ဂိတ်တွေက တစ်ဆင့် တင်ပို့ရောင်းချနေသလို ပင်လယ်ရေကြောင်း ကနေလည်း တင်ပို့နေပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း နယ်စပ်နဲ့ ပင်လယ်ရေကြောင်းမှ ပဲမျိုးစုံတင်ပို့မှု တန်ချိန်သန်း ၂၀ ကျော်တင်ပို့နိုင်ခဲ့ပြီး အမေရိကန်ဒေါ်လာသန်း ၁၅၇၀ ကျော်ရရှိခဲ့တယ်လို့ သိရပါတယ်။ လက်ရှိ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဖေဖော်ဝါရီ ၂၄ ရက်ထိ ပြည်ပနိုင်ငံတွေ ကို ပဲမျိုးစုံတင်ပို့ထားမှုအခြေအနေက တန်ချိန် ၁၆ သန်းကျော်ရှိပြီး အမေရိကန်ဒေါ်လာ ၁၂၃၂ သန်းကျော် ရရှိထားတယ်လို့ စီးပွာရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာနစာရင်းမှာ ဖော်ပြထားပါတယ်။

Source:  https://t.me/htwettoe

 
 
Category: Local News