Local News

ကြက်သွန်နီအသစ်များ ဝင်ရောက်လာသော်လည်း ဈေးကွက်တည်ငြိမ်နေ

Last Updated:
ရွှေမန်း
    ကြက်သွန်နီသစ်များ ဈေးကွက်သို့ ဝင်ရောက်ချိန်တွင် ဈေးနှုန်းကျဆင်းလေ့ရှိသော်လည်း ယခုနှစ်တွင် ပြည်ပတင်ပို့မှုရှိနေသဖြင့် ဈေးကျဆင်းမှုမရှိပဲ ပုံမှန်အရောင်းအဝယ်ကောင်းလျက်ရှိကြောင်း သိရသည်။ "မတ်လ၊ ဧပြီလဆိုရင် ကြက်သွန်နီအထွက်များလို့  ပွဲရုံနဲ့ ဈေးကွက် ထဲမှာ ကြက်သွန်နီအဝင်များလာတယ်။ ဟိုအရင်နှစ်တွေမှာ ဒီလိုအချိန်ဆိုရင် တစ်ပိဿာ ကျပ် ၃၀၀ လောက်ထိရောက်ခဲ့ဘူးပေမယ့် ပြည်ပဝယ်လို အားကြောင့် အဲဒီဈေးမျိုး ဖြစ်မလာတော့ဘူး။ အနိမ့်ဆုံးက တစ်ပိဿာ ကျပ် ၇၀၀ ဝန်းကျင်မှာ ရှိတယ်။ ဈေး အတက်အကျ သိပ်မရှိဘူး" ဟု မန္တလေးမြို့ရှိ ကြက်သွန်ပွဲရုံတာဝန်ခံတစ်ဦးက ပြောသည်။
    ယခုကာလတွင် ဒေသစုံမှ ကြက်သွန်နီသစ်များ ဈေးကွက်သို့ ဝင်ရောက်နေပြီး တောင်သူအများစုက သိုလှောင်ထားခြင်းမရှိဘဲ တိုက်ရိုက် ရောင်းချနေသော်လည်း တစ်ဖက်တွင် ပြည်ပတင်ပို့မှုရှိနေသဖြင့် ဈေးနှုန်းကျဆင်းမသွားပဲ မတ်လဒုတိယပတ်ထက် လက်ကားဈေး တစ်ပိဿာလျှင် ကျပ် ၁၀၀ ဝန်းကျင်ပင် ဈေးမြင့်တက်လာခဲ့ကြောင်း သိရသည်။ လက်ရှိကြက်သွန်နီတစ်ပိဿာပေါက်ဈေးများအရ မြစ်သားထိပ်စမှာ ကျပ် ၁၈၀၀ ဝန်းကျင်၊ အကြမ်းအသေးမှာ ကျပ် ၁၀၀၀အောက်၊ အလတ် ကျပ် ၁၅၀၀ ဝန်းကျင်နှင့် ဆိပ်ဖြူကြက်သွန်နီမှာ ကျပ် ၁၀၅၀-၁၁၀၀ ဝန်းကျင်၊ မုံရွာကြက်သွန်နီ ကျပ် ၉၅၀-၁၁၀၀ ဝန်းကျင်ပေါက်ဈေးရှိကြောင်း သိရသည်။

        "လှောင်လက်တွေက ခုပေါ်တဲ့ နွေစိုက်ကြက်သွန်ကို လှောင်ကြတယ်။ မိတ်စားကြက်သွန်က တော်သလင်း ၊ သီတင်းကျွတ်မှာ စိုက်တယ်။ သူက လှောင်ရင် ကြာကြာ အထားမခံဘူး။ အဲတုန်းက ထွက်အားလျော့နည်းခဲ့ပြီး တစ်ဧကကို ကြက်သွန်နီ ပိဿာချိန် ၁၀၀၀ နဲ့ အမြင့်ဆုံးက ၂၀၀၀လောက် ပဲထွက်တယ်။ ခုပေါ်တာက ပိဿာချိန် ၃၀၀၀ လောက်ထွက်ကြတော့ ထွက်အားလည်း ကောင်းတယ်"ဟု မြစ်သားမှ ကြက်သွန်နီပွဲစားတစ်ဦးက ပြော သည်။

             ၂၀၂၂ -၂၀၂၃ ဘဏ္ဍာနှစ်အတွင်း ပြီးခဲ့သည့် ဖေဖော်ဝါရီလအထိ ပြည်ပသို့ ကြက်သွန်နီတင်ပို့မှုမှာ တန်ချိန် ၉၀,၀၀၀ ကျော်ရှိခဲ့ပြီး အများစုမှာ နယ်စပ်ကုန်သွယ်ရေးမှတစ်ဆင့် အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ တရုတ်၊ ထိုင်းနိုင်ငံတို့သို့  တင်ပို့ခြင်းဖြစ်ကြောင်းနှင့်   ယခုလာမည့်ဘဏ္ဍာနှစ်တွင်   တန်ချိန် တစ်သိန်းကျော်တင်ပို့ရန် မျှော်မှန်းထားကြောင်း သိရသည်။

Source: Awba
 

Category: Local News