International News

ဆရာဝန်ညွှန်ကြားသည့်သောက်ဆေးများ (Prescribed Drugs)ဈေးနှုန်းလျှော့ချခြင်းနှင့်ပတ်သက်၍ အမေရိကန်သမ္မတဂျိုးဘိုင်ဒင်၏ ထုတ်ပြန်ချက်

Last Updated:

ဆရာဝန်ညွှန်ကြားသည့် သောက်ဆေးများ (Prescribed Drugs) ဈေးနှုန်းကို လျှော့ချခြင်းနှင့် ပတ်သက်၍ အမေရိကန်သမ္မတဂျိုးဘိုင်ဒင်၏ ထုတ်ပြန်ချက်ကို အမေရိကန်သမ္မတအိမ်ဖြူတော်၏ ဝက်ဘ်ဆိုက်တွင် ၃၀-၉-၂၀၂၄ ရက်တွင် ထုတ်ပြန်ခဲ့ပါသည်။

အမေရိကန်နိုင်ငံသားများအနေဖြင့် ဆေးကုသမှုစရိတ်နှင့် အခြားအခြေခံလိုအပ်ချက်များ အတွက်ပေးချရမည့်ငွေတို့အနက် မည်သည်ကိုဦးစားပေး ပေးချေရန် နှစ်ပေါင်းများစွာကြာ ရွေးချယ်မှု များပြုလုပ်နေကြရကြောင်း၊ ဆေးဝါးထုတ်လုပ်သည့်ကုမ္ပဏီများသည် ဈေးနှုန်းများ မြှင့်တင်ခြင်းဖြင့် အကျိုးအမြတ်များစွာ ရရှိလျက်ရှိကြပြီး ယင်းအကျိုးအမြတ်များသည် အမေရိကန် နိုင်ငံသားများ၏ ငွေများဖြစ်ကြောင်း၊ ဆရာဝန်ညွှန်ကြားသော သောက်ဆေးဈေးနှုန်းများကို ငွေ ကြေးဖောင်းပွမှုနှုန်း ထက် ပို၍ဈေးနှုန်းတိုးမြှင့်ခဲ့ကြသည့် ကုမ္ပဏီများသည် ငွေကြေးဖောင်းပွမှု လျှော့ချရေးအက်ဥပဒေ (Inflation Reduction Act) အရ Medicare ကျန်းမာရေး စောင့်ရှောက်မှုအစီအစဉ်သို့ ပြန်အမ်းငွေပေးသွင်းရမည်ဖြစ်ကြောင်း၊ အောက်တိုဘာလ မှစတင်၍ Medicare ကျန်းမာရေးစောင့်ရှောက်မှု အစီအစဉ်၌ စာရင်းသွင်းထားသည့် သက်ကြီး ရွယ်အိုများနှင့် မသန်စွမ်းသူများသည် ဆရာဝန်ညွှန်ကြား သည့်သောက်ဆေးများအတွက် သက်သာသည့်ဈေးနှုန်းဖြင့် ပေးချေရမည်ဖြစ်ကြောင်း၊ ကင်ဆာရောဂါ၊ အရိုးပွရောဂါ၊ အဆုတ်ရောင်ရောဂါ ခံစားနေရသည့် သက်ကြီးရွယ်အိုနှင့် မသန်စွမ်းသူ (၈၂၂,၀၀၀) ဦးအပါအဝင်  Medicare ကျန်းမာရေး စောင့်ရှောက်မှု အစီအစဉ်၌ ပါဝင်သူသက်ကြီးရွယ်အိုအချို့သည် တစ်ရက်လျှင် အမေရိကန်ဒေါ်လာ (၃,၈၀၀) ကျော်အထိ သက်သာမည်ဖြစ်ကြောင်း၊ ယခင်လကလည်း အစိုးရအနေ ဖြင့် ဆရာဝန်ညွှန် ကြားသည့် သောက်ဆေး(၁၀)မျိုး၏ ဈေးနှုန်းများလျှော့ချရန် ညှိနှိုင်းပေးခဲ့ကြောင်း၊ ၂၀၂၅ ခုနှစ်မှ  စ၍ ဆရာဝန်ညွှန်ကြားသည့်သောက်ဆေးများအတွက် စိုက်ထုတ်သုံးစွဲ ရမည့်ငွေပမာဏသည် Medicare ကျန်းမာရေးစောင့်ရှောက်မှု အစီအစဉ်၌ပါဝင်သူများအတွက် အများဆုံး အမေရိကန် ဒေါ်လာ (၂,၀၀၀) အထိသာ ကုန်ကျတော့မည်ဖြစ်ကြောင်း သိရှိရပါသည်။

ဤသို့ဆရာဝန်ညွှန်ကြားသည့်သောက်ဆေးဈေးနှုန်းများ လျှော့ချနိုင်ခြင်းမှာ ငွေကြေး ဖောင်းပွမှု လျှော့ချရေးအက်ဥပဒေ (Inflation Reduction Act) ကို ပြဋ္ဌာန်းနိုင်ခဲ့ခြင်းကြောင့်ဖြစ်ပြီး အဆိုပါ အက်ဥပဒေပြဋ္ဌာန်းနိုင်ရန်အတွက် ဒုတိယသမ္မတကင်မလာဟဲရစ်က အဆုံးအဖြတ်ပေး သည့်မဲကို ပေးခဲ့ကြောင်း သိရှိရပါသည်။

(စီးပွားရေးသံမှူး၊ ဝါရှင်တန်ဒီစီ)

 

 

 

Category: International News