International News

ဗီယက်နမ်နိုင်ငံသည် ဇန်နဝါရီလမှ သြဂုတ်လအတွင်း လက်ဖက်ခြောက်တင်ပို့မှုမှ ဗီယက်နမ်ဒေါင် ၄ ထရီလီယံ ရရှိ

Last Updated:
ဗီယက်နမ်နိုင်ငံသည် ယခုနှစ် ရှစ်လအတွင်း လက်ဖက်ခြောက် တန်ချိန် ၉၂,၈၀၀ တင်ပို့ ခဲ့ပြီး အမြတ်ငွေ အမေရိကန်ဒေါ်လာ ၁၆၂.၆၂ သန်း (ဗီယက်နမ်ဒေါင် ၄  ထရီလီယံ) ရရှိခဲ့ကြောင်း ဗီယက်နမ် အကောက်ခွန် ဦးစီးဌာန၏ အဆိုအရ သိရှိရပါသည်။
ဗီယက်နမ်၏ လက်ဖက်ထွက်ကုန်များကို နိုင်ငံနှင့် နယ်မြေ ၇၀ ကျော်သို့ တင်ပို့လျက်ရှိ ကြောင်း၊ပါကစ္စတန်သည် အကြီးဆုံးဈေးကွက်အဖြစ်ရှိနေပြီး ပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာ ၆၂.၃ သန်း ရရှိကြောင်း သိရှိရပါသည်။
တရုတ်နိုင်ငံသို့ လက်ဖက်ခြောက်တင်ပို့မှုမှာ အမေရိကန်ဒေါ်လာ ၁၃.၂ သန်းရရှိခဲ့ပြီး ယခင်နှစ်အလားတူကာလထက်၂ဆကျော်မြင့်တက်ခဲ့ကြောင်း၊ အမေရိကန်သို့ တင်ပို့မှုအနေဖြင့် အမေရိကန်ဒေါ်လာ ၈ သန်းနီးပါး တိုးမြင့်လာခဲ့ကြောင်း သိရှိရပါသည်။
ပါကစ္စတန်သို့ လက်ဖက်ခြောက်တင်ပို့မှုသည် အမြင့်ဆုံးဈေးရရှိပြီး တစ်တန်လျှင် ပျမ်းမျှ အမေရိကန်ဒေါ်လာ ၂၀၀၀ ကျော်ရှိကြောင်း၊ အမေရိကန်နှင့် ဥရောပဈေးကွက်များအတွက်မူ ဈေးနှုန်းများသည် တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၁၆၀၀ မှ အမေရိကန်ဒေါ်လာ ၁၈၀၀ ကြား ရှိကြောင်း၊ တရုတ်နိုင်ငံသည် ၎င်း၏ သွင်းကုန်ပမာဏကို သုံးဆတိုးခဲ့သော်လည်း ဈေးနှုန်းမှာ တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၁၄၅၈ ရှိပြီး ဈေးနှုန်းမှာ ၄၀ ရာခိုင်နှုန်းနီးပါး ကျဆင်းခဲ့ကြောင်း ဖော်ပြထားသည်။
ဗီယက်နမ်၏ လက်ဖက်ခြောက်တင်ပို့သူများသည် စျေးကွက်ဝယ်လိုအား ၂၃၀ ရာခိုင်နှုန်း အထိ တိုးမြင့်လာသဖြင့် ယခုနှစ်လက်ကျန်ကာလနှင့် ပတ်သက်၍ အကောင်းမြင်မှုကို ဖော်ပြ လျက်ရှိကြောင်း၊ ယခုနှစ်ကုန်တွင် ၂၀၁၁ ခုနှစ် စံချိန်တင်ခဲ့သည့် အမေရိကန်ဒေါ်လာ ၂၂၉ သန်းကို ကျော်တက်ရန် ရည်မှန်းထားကြောင်း သိရှိရပါသည်။
ဗီယက်နမ်၏ လက်ဖက်စိုက်ပျိုးသောဒေသသည် ပြည်နယ်နှင့် မြို့ ၃၄ ခုကို လွှမ်းခြုံထားပြီး စုစုပေါင်း ဟက်တာ ၁၃၀,၀၀၀ ရှိကြောင်း၊ အဓိက စိုက်ပျိုးသည့် ဧရိယာများမှာ ထိုင်းငုယင် (၂၂,၃၀၀ ဟက်တာ)၊ ဟိုင်းဂိုင် (၂၁,၅၀၀ ဟက်တာ)၊ လမ်ဒေါင် (၁၀,၈၀၀ ဟက်တာ)၊ ဖူသို (၁၆,၁၀၀ ဟက်တာ) တို့ဖြစ်ကြောင်း ဖော်ပြထားပါသည်။

The Saigon Times

(စီးပွားရေးသံမှူး၊မြန်မာသံရုံး၊ဟနွိုင်းမြို့)

Category: International News