International News

နိုင်ငံခြားငွေလဲလှယ်မှုဆိုင်ရာ လုပ်ထုံးလုပ်နည်းများ ထပ်မံဖြေလျှော့ပေးရန် ထိုင်းဗဟိုဘဏ် (ထိုင်းဘဏ်) က စီစဉ်ဆောင်ရွက်လျက်ရှိခြင်း

Last Updated:

ထိုင်းနိုင်ငံတွင်း လုပ်ငန်းများဆောင်ရွက်ရန်လွယ်ကူခြင်းကို အထောက်အကူပြုရန်နှင့် ရေရှည် တွင် နိုင်ငံ၏ နိုင်ငံခြားငွေလဲလှယ်မှု ဂေဟစနစ်ကို မြှင့်တင်ရန် ရည်ရွယ်၍ နိုင်ငံခြား ငွေလဲလှယ်မှုဆိုင်ရာ လုပ်ထုံးလုပ်နည်းများ ထပ်မံဖြေလျှော့ပေးရန် ထိုင်းဘဏ်က ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

နိုင်ငံခြားငွေလဲလှယ်မှုဂေဟစနစ်မိတ်ဆက်ခြင်း၏ တတိယအဆင့်အနေဖြင့် ထပ်ဆောင်း ဖြေ လျှော့မှုများကို စတုတ္ထလပတ်တွင် အကောင်အထည်ဖော်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ထိုင်းနိုင်ငံသားများအတွက် စီးထွက်မှုငွေအပေါ် ဖြေလျှော့မည့် လုပ်ထုံးလုပ်နည်းများကို ဦးစားပေးသွားမည်ဖြစ်ကြောင်း၊ အဓိက ပြောင်းလဲမှုများအနေဖြင့် နှစ်စဉ်စီးထွက်မှုပမာဏကို အမေရိကန်ဒေါ်လာ ၅၀,၀၀၀ မှ အမေရိကန်ဒေါ်လာ ၂၀၀,၀၀၀ သို့ မြှင့်တင်လိုက်ခြင်း၊ negative lists ကန့်သတ်ချက်များ ကို လျှော့ချခြင်းနှင့် နိုင်ငံခြားငွေလဲလှယ်မှုဆိုင်ရာ စီမံခန့်ခွဲမှု လုပ်ထုံးလုပ်နည်းများကို ပြင်ဆင်ခြင်းတို့ဖြစ်ကြောင်း ထိုင်းဘဏ် နိုင်ငံခြားငွေလဲလှယ်မှုဆိုင်ရာ စီမံခန့်ခွဲမှုနှင့် မူဝါဒဦးစီးဌာန ညွှန်ကြားရေးမှူး Ms. Chananun Supadulya က ပြောကြားခဲ့သည်။

နိုင်ငံအဆင့် Pooling နည်းလမ်းအရ စီးပွားရေးလုပ်ငန်းများသည် ဘတ်ငွေများကို ပြည်တွင်းနှင့် ပြည်ပတို့ရှိ ၎င်းတို့၏လုပ်ငန်းများလည်ပတ်ရန် ချေးငှားနိုင်ပါကြောင်း၊ ထိုင်းနိုင်ငံရှိ Offshore ကုမ္ပဏီများသည် နိုင်ငံခြားရှိ မိခင်ကုမ္ပဏီထံ ဘတ်ငွေပေးပို့နိုင်ပြီး ထိုင်းကုမ္ပဏီများသည်လည်း ဘတ်ငွေများကို ၎င်းတို့၏နိုင်ငံခြားရုံးခွဲများသို့ ပေးပို့နိုင်ကြောင်း၊ ဗဟိုဘဏ်သည် Non-Resident Qualified Company (NRQC) စီမံချက်အောက်မှ နိုင်ငံတွင်းနေထိုင်သူမဟုတ်သူများအတွက် နိုင်ငံခြားငွေလဲ လှယ်မှုဆိုင်ရာ စီမံခန့်ခွဲမှု လုပ်ထုံးလုပ်နည်းများကို ဖြေလျှော့ပေးသွားမည်ဖြစ်ကြောင်း၊ လက်ရှိတွင် NRQC အစီအစဉ်တွင် နိုင်ငံခြားကုမ္ပဏီ ၈၂  ခု ပါဝင်လျက်ရှိပါကြောင်း၊ နိုင်ငံခြားငွေလဲလှယ်မှု ဂေဟစနစ်မိတ်ဆက်ခြင်းကို ၂၀၁၉ မှ ၂၀၂၁ ခုနှစ်တွင် ပထမအဆင့်၊ ၂၀၂၂ ခုနှစ်မှ ၂၀၂၃ ခုနှစ်တွင် ဒုတိယ အဆင့်တို့ကို ဆောင်ရွက်ပြီးဖြစ်ပါကြောင်း Ms. Chananun က မှတ်ချက်ပြုပါသည်။

နိုင်ငံခြားငွေလဲလှယ်မှုဂေဟစနစ်အတွက် ကောင်းမွန်သော တုန့်ပြန်ချက်များ ရရှိခဲ့ပြီး Foreign Currency Deposit (FCD) စာရင်းဖွင့်လှစ်မှုများ မြင့်တက်လာလျက်ရှိရာ လက်ရှိတွင် ၈၅၁,၉၉၃ ခုရှိပြီ ဖြစ်ကြောင်း၊ ငွေလဲနှုန်းကို တည်ငြိမ်စေခြင်းဖြင့် လုပ်ငန်းများလုပ်ကိုင်ရ လွယ်ကူမျှတစေရန်မှာ နိုင်ငံခြားငွေလဲလှယ်မှုဂေဟစနစ်၏ ရည်ရွယ်ချက်များဖြစ်ပါကြောင်း၊ စီးပွား‌ရေးလုပ်ငန်းများနှင့် ရင်းနှီးမြှုပ်နှံသူများကို နိုင်ငံခြားငွေလဲလှယ်မှုဆိုင်ရာ အန္တရာယ်များကို စီမံခန့်ခွဲရာ၌ ပိုမိုသက်တောင့်သက်သာ ဖြစ်စေမည်ဖြစ်ကြောင်း ဖြည့်စွက်ပြောကြားခဲ့သည်။

 

Source: www.bangkokpost.com  သီတာဝင်း၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့။

Category: International News