International News

အမေရိကန်သမ္မတက လွှတ်တော်၌ အမေရိကန်အစိုးရ၏ မူဝါဒဆိုင်ရာမိန့်ခွန်းတစ်ရပ်ပြောကြားခဲ့

Last Updated:

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် ၄-၃-၂၀၂၅ ရက်၊ အမေရိကန်အရှေ့ပိုင်းဒေသ စံတော်ချိန် (၂၁၀၀)နာရီတွင် (၁၁၉) ကြိမ်မြောက် လွှတ်တော်၌ အထက်လွှတ်တော်နှင့် အောက် လွှတ်တော် နှစ်ရပ်ရှေ့မှောက်တွင် အမေရိကန်အစိုးရ၏ မူဝါဒဆိုင်ရာ မိန့်ခွန်းတစ်ရပ် ပြောကြားခဲ့ ပါသည်။ 

          အဆိုပါမိန့်ခွန်း၌ စီးပွားရေးကဏ္ဍနှင့်ပတ်သက်၍ အောက်ပါအတိုင်း ပြောကြားခဲ့ပါသည် -

          (က)    သမ္မတဒေါ်နယ်ထရမ့်သည် ယခင်သမ္မတဂျိုးဘိုင်ဒင်လက်ထက်တွင် ပြဋ္ဌာန်းခဲ့သည့် စရိတ်မြင့်မားပြီး လုံခြုံရေးအရအားနည်းသော လျှပ်စစ်မော်တော်ယာဉ်ရည်မှန်းချက် ကို ဖျက်သိမ်းခဲ့ပြီး မော်တော်ယာဉ်ထုတ်လုပ်မှုကဏ္ဍရှိလုပ်သားများနှင့် ကုမ္ပဏီများ ကို ကယ်တင်ပေးခဲ့ပါကြောင်း၊

          (ခ)     စီးပွားရေးလွတ်လပ်စွာ ဆောင်ရွက်နိုင်ရန်အတွက် လုပ်ထုံးလုပ်နည်းတစ်ခုအသစ် တစ်ခုထုတ်ပြန်တိုင်း အဟောင်း(၁၀)ခုကို ဖျက်သိမ်းခဲ့ကြောင်း၊ ယခင်အစိုးရ လက်ထက်တွင် ငွေကြေးဖောင်းပွမှုမြင့်မားခဲ့ခြင်းကြောင့် လောင်စာဆီနှင့် စား သောက်ကုန် ဈေးနှုန်းများမြင့်မားခဲ့ပါကြောင်း၊ သမ္မတဒေါ်နယ်ထရမ့်အစိုးရသည် ဈေးနှုန်းလျော့ကျစေရန် ဆောင်ရွက်လျက်ရှိပြီး ယင်းသို့ဆောင်ရွက်ရာတွင် ယခင် အစိုးရ လက်ထက်၌ပိတ်သိမ်းခဲ့သည့် လျှပ်စစ်ဓာတ်အားစက်ရုံ (၁၀၀) ကျော်ကို ပြန် လည်ဖွင့်လှစ်ခဲ့ခြင်း၊ အစိုးရတာဝန်ယူသည့်ပထမဆုံးရက်(၂၀-၁-၂၀၂၅) ရက်တွင် အမျိုးသား စွမ်းအင်မဟာဗျူဟာ (National Energy Emergency)ကို ကြေညာလျက် ရေနံထုတ်လုပ်မှုကို “Drill, baby, drill” ဆောင်ပုဒ်နှင့်အညီ ဆောင်ရွက်ခဲ့ခြင်း၊ အလက်စကားပြည်နယ်၌ သဘာဝဓာတ်ငွေ့ပိုက်လိုင်းကြီးတစ်ခု တည်ဆောက်လျက်ရှိခြင်းနှင့် အမေရိကန်နိုင်ငံအတွင်း၌ အရေးပါသည့် တွင်းထွက် သတ္တုများနှင့် မြေရှားသတ္တု(Critical minerals and rare earth) တူးဖော်ထုတ် လုပ်မှုတိုးချဲ့ခြင်းတို့ကို လုပ်ဆောင်ခဲ့ပါကြောင်း၊

          (ဂ)     အမေရိကန်နိုင်ငံ၏ စီးပွားရေးအင်အားကောင်းလာစေရန်အတွက် အခွန်လျှော့ချမှု အက်ဥပဒေကို လွှတ်တော်ကအတည်ပြုရန်လိုအပ်ပါကြောင်း၊ အမေရိကန်နိုင်ငံသား များသည် ငွေကြေးဖောင်းပွမှုကြောင့် ထိခိုက်နစ်နာခဲ့ရသဖြင့် အစိုးရသည် ဝင်ငွေခွန် လျှော့ချရေးအတွက် ဆောင်ရွက်သွားမည်ဖြစ်သကဲ့သို့ မေတ္တာကြေး၊ အချိန်ပိုလုပ်ခ နှင့် လူမှုဖူလုံရေးအကျိုးအမြတ်ခံစားခွင့်တို့အပေါ် အခွန်ကင်းလွတ်ခွင့် (No tax on tips, no tax on overtime  and no tax on Social Security benefits) တို့ကိုပါ အရေးတကြီး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ထို့အပြင် မော်တော်ယာဉ်ချေးငွေ အတိုးနှုန်းအပေါ် အခွန်လျှော့ချသွားလိုပါကြောင်း၊

          (ဃ)    စက်မှုလုပ်ငန်းများတိုးတက်မှုနှင့်အတူ မော်တော်ယာဉ် ထုတ်လုပ်မှုကဏ္ဍလည်း တိုးတက်လာရန်လိုအပ်ပါကြောင်း၊ မော်တော်ယာဉ်ထုတ်လုပ်သည့်ကုမ္ပဏီအများ အပြားသည် အမေရိကန်နိုင်ငံ၌ ၎င်းတို့၏စက်ရုံများတည်ထောင်ရန် ထုတ်ပြန်ခဲ့ကြ ပြီး Honda ကုမ္ပဏီသည် အမေရိကန်နိုင်ငံ၊ အင်ဒီးယားနားပြည်နယ်၌ စက်ရုံသစ် တည်ထောင်ရန် ကြေညာခဲ့ပြီးဖြစ်ပါကြောင်း၊

          (င)     ပြည်တွင်းထုတ်လုပ်မှုနှင့် စက်မှုလုပ်ငန်းအားလုံးအတွက် အခွန်လျှော့ချ ပေးသွား မည်ဖြစ်ပြီး ၂၀-၁-၂၀၂၅ ရက်နေ့မှစ၍ နောက်ကြောင်းပြန်ခံစားခွင့်ရှိမည်ဖြစ်ပါ ကြောင်း၊ အမေရိကန်နိုင်ငံ၌ ကုန်ပစ္စည်းထုတ်လုပ်ပါက အဆိုပါအခွန်လျှော့ချမှုကို ခံစားနိုင်မည် ဖြစ်သော်လည်း အမေရိကန်နိုင်ငံ၌ ထုတ်လုပ်ခြင်းမပြုသည့် လုပ်ငန်း များသည် သွင်းကုန်ခွန် အများအပြားပေးဆောင်ရမည်ဖြစ်ကြောင်း၊ ယခင်နှစ်ပေါင်း များစွာကပင် ဥရောပသမဂ္ဂ၊ တရုတ်၊ ဘရာဇီး၊ အိန္ဒိယ၊ မက္ကဆီကိုနှင့် ကနေဒါနိုင်ငံ အပါအဝင် နိုင်ငံအများအပြားသည် အမေရိကန်နိုင်ငံအပေါ် သွင်းကုန်ခွန် စည်းကြပ် လျက်ရှိပြီး ယခုအခါ ယင်းနိုင်ငံများအပေါ် အမေရိကန်နိုင်ငံက တန်ပြန်သွင်းကုန်ခွန် စည်းကြပ်သွားမည်ဖြစ်ကြောင်း၊ အိန္ဒိယနိုင်ငံသည် အမေရိကန်မော်တော်ယာဉ်များ အပေါ် သွင်းကုန်ခွန် (၁၀၀) ရာခိုင်နှုန်းအထက် သတ်မှတ်ကောက်ခံပြီး တရုတ်နိုင်ငံ ကလည်း အမေရိကန်နိုင်ငံက ၎င်း၏သွင်းကုန်များအပေါ် ကောက်ခံသည့်နှုန်းထက် (၂)ဆပို၍ ကောက်ခံပါကြောင်း၊ တောင်ကိုရီးယားနိုင်ငံ၏ သွင်းကုန်ခွန်သည် အမေရိကန်နိုင်ငံက ကောက်ခံဿည့်နှုန်းထက် (၄)ဆ ပို၍ မြင့်မားကြောင်း၊ ထို့ ကြောင့် ယင်းစနစ်သည် မျှတမှုမရှိသဖြင့် အမေရိကန်နိုင်ငံက ၂-၄-၂၀၂၅ ရက်တွင် တန်ပြန်သွင်းကုန်ခွန် (Reciprocal tariff) ကို သတ်မှတ် ကောက်ခံသွားမည်  ဖြစ်ပါ ကြောင်း၊

          (စ)     အမေရိကန်နိုင်ငံအပေါ် အခွန်ကောက်ခံပါက အမေရိကန်နိုင်ငံကလည်း ယင်းနိုင်ငံ ပေါ် အလားတူတုံ့ပြန်မည်ဖြစ်ပြီး အကယ်၍ နိုင်ငံတစ်နိုင်ငံက အမေရိကန် နိုင်ငံအား ဈေးကွက်မဝင်ရောက်နိုင်ရန် ငွေကြေးကောက်ခံခြင်း မဟုတ်သည့်အစီအမံများ ချမှတ်ခဲ့လျှင် ယင်းနိုင်ငံအပေါ် အမေရိကန်နိုင်ငံကလည်း အလားတူအစီအမံများ ချမှတ်လျက် ဈေးကွက်မဝင်ရောက်နိုင်အောင် တုံ့ပြန်သွားမည်ဖြစ်ကြောင်း၊

          (ဆ)    ကနေဒါနှင့် မက္ကဆီကိုနိုင်ငံတို့နှင့်ကုန်သွယ်မှုတွင် အမေရိကန်နိုင်ငံ၏ကုန်သွယ်မှု လိုငွေသည် အလွန်များပြားပါကြောင်း၊ ယင်းနိုင်ငံများမှ အမေရိကန်နိုင်ငံအတွင်းသို့ တရားမဝင် Fentanyl မူးယစ်ဆေးဝါး ဝင်ရောက်လျက်ရှိရာ အမေရိကန်နိုင်ငံသား လူငယ်များ ထောင်ပေါင်းများစွာ သေဆုံးခဲ့ပါကြောင်း၊ ထို့ကြောင့် အမေရိကန်နိုင်ငံ က ကနေဒါနှင့် မက္ကဆီကိုနိုင်ငံတို့မှလုပ်ငန်းများအပေါ် ထောက်ပံ့ပေးမှုများကို ရပ် ဆိုင်းသွားမည်ဖြစ်ပါကြောင်း၊

          (ဇ)     ၂၀၂၄ ခုနှစ်၊ အမေရိကန်သမ္မတရွေးကောက်ပွဲရလဒ်နှင့် အမေရိကန်နိုင်ငံသာပဓာန မူဝါဒတို့ကြောင့် Softbank ၊ OpenAI နှင့် Oracle ၊ Apple နှင့် Taiwan Semiconductor Manufacturing Company Limited (TSMC) ကုမ္ပဏီတို့က ရင်းနှီးမြှုပ်နှံမှု စုစုပေါင်းအမေရိကန်ဒေါ်လာ (၁.၇) ထရီလီယံအထိ အမေရိကန် နိုင်ငံ၌ ရင်းနှီးမြှုပ်နှံခဲ့ရန် ကတိပြုပြီးဖြစ်ပါကြောင်း၊ ယခင်အစိုးရ၏ CHIP and Science Act အရ အမေရိကန်နိုင်ငံ၌ Chip ထုတ်လုပ်ရန် ကုမ္ပဏီများကို ငွေထောက်ပံ့ပေးလျက်ရှိပြီး အမှန်တကယ်တွင် ယင်းကုမ္ပဏီများလိုအပ်သည်မှာ ငွေထောက်ပံ့မှုမဟုတ်ကြောင်း၊  ယင်းကုမ္ပဏီများသည် သွင်းကုန်ခွန် မပေးလိုကြ ခြင်းသာဖြစ်ကြောင်း၊ ထို့ကြောင့် ယခုအချိန်တွင် အမေရိကန်နိုင်ငံ၌ လာရောက်၍ ရင်းနှီးမြှုပ်နှံကြခြင်းဖြစ်ပြီး ထပ်မံ၍  လာရောက်ရင်းနှီးမြှုပ်နှံမည့် ကုမ္ပဏီများလည်း ရှိပါကြောင်း၊ ထို့ကြောင့် ယခင်အစိုးရ၏ Science and CHIP Act ကို ဖျက်သိမ်းသင့် ကြောင်း၊ 

          (ဈ)     ၂-၄-၂၀၂၅ ရက်မှစ၍ အမေရိကန်နိုင်ငံသို့ တင်သွင်းမည့် စိုက်ပျိုးရေးထုတ်ကုန်များ အပေါ် သွင်းကုန်ခွန်စတင်ကောက်ခံမည်ဖြစ်ရာ စိုက်ပျိုးရေးကဏ္ဍလုပ်ငန်းရှင်များ သည် ပြည်ပဈေးကွက်မှဝင်ရောက်လာသည့် ကုန်ပစ္စည်းများနှင့် ယှဉ်ပြိုင်ရန် မလို အပ်ဘဲ ပြည်တွင်းဈေးကွက်၌ လွတ်လပ်စွာ ရောင်းချနိုင်တော့မည်ဖြစ်ကြောင်း၊

          (ည)    အစိုးရသည် ပြည်ပမှဝင်ရောက်လာသည့် အလူမီနီယံ၊ ကြေးနီ၊ သစ်နှင့် သံမဏိ တို့ကို သွင်းကုန်ခွန် (၂၅) ရာခိုင်နှုန်း စည်းကြပ်ကောက်ခံခဲ့ပါကြောင်း၊

          (ဋ)     အမေရိကန်နိုင်ငံသားများကို ကာကွယ်ရန်နှင့် ကာကွယ်ရေးစက်မှုလုပ်ငန်းများကို မြှင့်တင်ရန်အတွက် ကူးသန်းရောင်းဝယ်ရေးနှင့် စစ်ဘက်သုံး သင်္ဘော တည်ဆောက် မှုလုပ်ငန်းများ ပြန်လည်ရှင်သန်လာစေရန်ဆောင်ရွက်သွားမည်ဖြစ်ပြီး ယင်းသို့ ဆောင်ရွက်ရန်အတွက် သမ္မတအိမ်ဖြူတော်၌ ဌာနခွဲအသစ်တစ်ခု ဖွဲ့စည်းသွားမည် ဖြစ်ကြောင်းနှင့် သင်္ဘောတည်ဆောက်မှုလုပ်ငန်းများသည် ၎င်းတို့ဖွဲ့စည်းတည် ထောင်ရာ နိုင်ငံဖြစ်သည့် အမေရိကန်နိုင်ငံ၌ ပြန်လည်ဝင်ရောက်၍ရင်းနှီးမြှုပ်နှံပါက အထူးအခွန် (Special tax) ခံစားခွင့် ပြုသွားမည်ဖြစ်ပါကြောင်း၊

          (ဌ)     အမျိုးသားလုံခြုံရေးကို တိုးမြှင့်ရန် ပနားမားတူးမြောင်းအပေါ် ထိန်းချုပ်ခွင့်ကို ပြန်လည်ရယူသွားမည်ဖြစ်ပြီး အမေရိကန်ကုမ္ပဏီကြီးတစ်ခုက ပနားမားတူးမြောင်း နှင့် တူးမြောင်းပတ်လည်ရှိ ဆိပ်ကမ်းများကို ဝယ်ယူသွားမည်ဟု ထုတ်ပြန်ခဲ့ပြီးဖြစ် ပါကြောင်း၊ အမေရိကန်နိုင်ငံသားများအတွက် အမေရိကန်နိုင်ငံသားများ ကိုယ်တိုင် ပနားမားတူးမြောင်းကို တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း၊ အမေရိကန်သမ္မတ ဂျင်မီ ကာတာ အစိုးရလက်ထက်တွင် ပနားမားတူးမြောင်းကို အမေရိကန် (၁) ဒေါ်လာဖြင့် ပေးအပ်ခဲ့ပြီး ယင်းသို့ပေးခဲ့သည့်သဘောတူညီချက်ကို ပြင်းထန်စွာချိုးဖောက်ခဲ့ ကြောင်း၊ အမေရိကန်နိုင်ငံသည် ပနားမားတူးမြောင်းကို ပနားမားနိုင်ငံသို့သာ ပေးခဲ့ ခြင်းဖြစ်ပြီး တရုတ်နိုင်ငံသို့ ပေးခဲ့ခြင်းမဟုတ်သဖြင့် ပနားမားတူးမြောင်းကို ပြန် လည် လက်လွှဲယူသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

စီးပွားရေးသံမှူး၊ ဝါရှင်တန်ဒီစီ။

 

Category: International News