International News

အစိုးရစွမ်းဆောင်ရည်ထိရောက်မှုကော်မရှင်ဖွဲ့စည်းရန် Space X နှင့် တယ်လ်စလာကုမ္ပဏီ သန်းကြွယ် သူဌေး အီလွန်မက်စ်၏အဆိုပြုချက်ကို သမ္မတဟောင်းဒေါ်နယ်ထရမ့်က သဘောတူ

Last Updated:

ရီပတ်ဘလစ်ကန်ပါတီသမ္မတလောင်း ဒေါ်နယ်ထရမ့်က သန်းကြွယ်သူဌေး အီလွန်မက်စ်၏ အဆိုပြုချက်ဖြစ်သည့် အစိုးရစွမ်းဆောင်ရည်ထိရောက်မှုကော်မရှင် (Government Efficiency Commission) တစ်ရပ်ကို ဖွဲ့စည်းရန် သဘောတူခဲ့သည်ဟု Wall Street Journal အွန်လိုင်းသတင်း၌ ၅-၉-၂၀၂၄ ရက်တွင် “Trump to Adopt Elon Musk’s Proposal for Government Efficiency Commission” ခေါင်းစဉ်ဖြင့် ဖော်ပြထားပါသည်။

၅-၉-၂၀၂၄ ရက်တွင် သမ္မတဟောင်းဒေါ်နယ်ထရမ့်က စည်းရုံးပြောကြားပွဲတစ်ခု၌ အစိုးရစွမ်းဆောင်ရည်ထိရောက်မှုကော်မရှင် ဖွဲ့စည်းခြင်းအပါအဝင် စီးပွားရေးဆိုင်ရာ အဆိုပြုချက်များ ဖြစ်သည့် သမ္မတဂျိုးဘိုင်ဒင်အစိုးရက မသုံးစွဲဘဲထားရှိသောရန်ပုံငွေများကို ပယ်ဖျက်ရန်နှင့်ပတ်သက်သည့်ကိစ္စများ ပါဝင်နိုင်ကြောင်း၊ အဆိုပါကော်မရှင်သည် “ဖက်ဒရယ်အစိုးရအပေါ် ဘဏ္ဍာရေးနှင့် စွမ်းဆောင်ရည် စုံစမ်းစစ်ဆေးမှု” ပြုလုပ်သွားမည်ဖြစ်ပြီး “ပြုပြင်ပြောင်းလဲမှုများဆောင်ရွက်ရန် အကြံပြုသွားမည်” ဖြစ်ကြောင်း၊ ဤသို့ဆောင်ရွက်ခြင်းသည် အကျင့်ပျက်မှုနှင့် မလျော်ကန်သည့် ငွေပေးချေမှုများကို အဆုံးသတ်နိုင်ရေးအတွက် နည်းလမ်းများဖော်ထုတ်ရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း၊ အီလွန်မက်စ်၏ နိုင်ငံရေးအတွေးအမြင်များသည် ရှေးရိုးစွဲဝါဒီ (Conservative) ဆန်လာပြီးနောက်ပိုင်းတွင် သမ္မတဟောင်း ဒေါ်နယ်ထရမ့်နှင့် ရင်းနှီးလာခဲ့ကြောင်း၊ သန်းကြွယ်သူဌေး အီလွန်မက်စ်က ၎င်းပိုင်သည့် “X” လူမှုကွန်ယက်တွင် သမ္မတဟောင်းဒေါ်နယ်ထရမ့်အနေဖြင့် ငွေကြေးဖောင်းပွမှုကို ဖော်ထုတ်သည့် နည်းလမ်းတစ်ရပ်အဖြစ် အစိုးရ၏အသုံးစရိတ်များကို ကိုင်တွယ်ဖြေရှင်းမည့် ကော်မရှင်တစ်ရပ်ဖွဲ့စည်းသင့်သည်ဟု မကြာသေးမီက ရေးသားခဲ့ကြောင်း၊ ထို့အပြင် ဖက်ဒရယ်အစိုးရ၌ မလိုအပ်ဘဲအလဟသဖြစ်နေသည့် လုပ်ထုံးလုပ်နည်းများရှိပြီး ၎င်းတို့ကိုပယ်ဖျက်ရန် လိုသည်ဟုလည်းဆိုကြောင်း၊ လေ့လာမှုစစ်တမ်းများအရ ဒေါ်နယ်ထရမ့်သည် ကင်မလာဟဲရစ်နှင့် နှိုင်းယှဉ်ပါက စီးပွားရေးနှင့်ပတ်သက်၍ကိုင်တွယ်ဖြေရှင်းရာတွင် (၈)ရာခိုင်နှုန်းနှင့် ငွေကြေးဖောင်းပွမှုကို လျှော့ချရန် ဆောင်ရွက်ရာတွင် (၅) ရာခိုင်နှုန်း အသာစီးရနေကြောင်း သိရှိရပါသည်။

၂၀၂၂ ခုနှစ် ငွေကြေးဖောင်းပွမှုလျှော့ချရေးအက်ဥပဒေ (2022 Inflation Reduction Act) အရ ရာသီဥတုပြောင်းလဲမှု၊ ကျန်းမာရေးစောင့်ရှောက်မှုနှင့် အခွန်မူဝါဒများတွင် ဒေါ်လာဘီလီယံပေါင်းများစွာ အသုံးပြုလျက်ရှိသဖြင့် ယင်းအက်ဥပဒေကို အဓိကထားတိုက်ဖျက်ရန် သမ္မတဟောင်းဒေါ်နယ်ထရမ့်က ရည်ရွယ်ထားကြောင်း၊ ယင်းအက်ဥပဒေအရ မသုံးစွဲရသေးသည့်ရန်ပုံငွေအားလုံးကို ပယ်ဖျက်သွားမည်ဖြစ်ပြီး ၃၁-၃-၂၀၂၄ ရက်ထုတ်ပြန်သည့်အစိုးရ၏ အစီရင်ခံစာတွင် ပြည်တွင်းအခွန် ဝန်ဆောင်မှုဌာန (Internal Revenue Service, IRS ) အောက်၌ မသုံးရသေးသည့်ရန်ပုံငွေ အမေရိကန်ဒေါ်လာ ဘီလီယံ(၅၀)အထိရှိသည်ဟု ဖော်ပြထားကြောင်း၊ အကယ်၍သမ္မတဟောင်းဒေါ်နယ်ထရမ့်က ရွေးကောက်ပွဲအနိုင်ရပြီး လွှတ်တော်ကို ရီပတ်ဘလင်ကန်ပါတီက ထိန်းချုပ်နိုင်လျှင် ရန်ပုံငွေများကို ထုတ်ယူလျက် IRS ၏လုပ် ဆောင်နိုင်စွမ်းကို လျော့နည်းအောင် လုပ်ဆောင်နိုင်ကြောင်း၊ ဒေါ်နယ်ထရမ့် အနေဖြင့် အက် ဥပဒေအရ အခွန်သက်သာခွင့်ကို ပယ်ဖျက်မည်ဆိုပါက လွှတ်တော်၏ သဘောတူညီချက်ကို ရ ယူရမည်ဖြစ်ကြောင်း၊ ထို့အပြင် ၎င်းအနေဖြင့်  “ရေနံတူးဖော်ထုတ်လုပ်ခြင်း၊ ပိုက်လိုင်းသွယ် တန်းခြင်းနှင့် ရေနံသန့်စင်စက်ရုံများ တည်ဆောက်ခြင်းများအတွက် ခွင့်ပြုချက် ချက်ချင်းထုတ် ပေးနိုင်ရေး ဟန့်တားလျက်ရှိသည့် အစိုးရ၏အုပ်ချုပ်ရေးဆိုင်ရာအခက်အခဲများကို ဖယ်ရှား၍ အမျိုးသားအရေးပေါ်အခြေအနေအဖြစ်ကြေညာရန် စီစဉ်ထားကြောင်း၊ ထိုသို့ ဆောင်ရွက်ခြင်းဖြင့် လောင်စာစွမ်းအင်ဈေးနှုန်းကိုလျှော့ချမည့် သမ္မတဟောင်းဒေါ်နယ်ထရမ့်၏ အစီအစဉ်အပေါ် ကျွမ်းကျင်သူများက အောင်မြင်မှုရှိနိုင်မည်မဟုတ်ဟု ယူဆကြကြောင်း၊ ထို့အပြင် သမ္မတလောင်းဒေါ်နယ်ထရမ့်က အွန်လိုင်းငွေကြေး Crypto လုပ်ငန်းများ၏ ထောက်ခံချက်ကိုရရှိရန် Crypto ငွေကြေးဈေးကွက်ကို ထောက်ပံ့သွားမည်ဟု ထပ်မံပြောကြားမည်ဟု ယူဆရကြောင်း သိရှိရပါသည်။

သံရုံးယာယီတာဝန်ခံ(ကိုယ်စား)

(ခင်ဆွေဦး၊ စီးပွားရေးသံမှူး)

Category: International News