International News

အမေရိကန်အသေးစားလုပ်ငန်းများအတွက် အခွန်လျှော့ချမှုနယ်ပယ်ကိုတိုးချဲ့ရန် ဒုတိယသမ္မတ ကင်မလာဟဲရစ်က အဆိုပြု

Last Updated:

ဒုတိယသမ္မတကင်မလာဟဲရစ်က အသေးစားလုပ်ငန်းများအတွက် အခွန်လျှော့ချမှုနယ်ပယ်ကို တိုးချဲ့သွားရန်နှင့်ပတ်သက်၍ Wall Street Journal အွန်လိုင်းသတင်းတွင် ၅-၉-၂၀၂၄ ရက်၌ “Kamala Harris to Propose Expansion of Small-Business Startup Tax Deduction” ခေါင်းစဉ်ဖြင့် ဖော်ပြထားပါသည်။

ဒုတိယသမ္မတကင်မလာဟဲရစ်က ၎င်းသမ္မတအဖြစ်ရွေးကောက်ခံရပါက ပထမသက်တမ်း အတွင်း အသေးစားလုပ်ငန်းသစ်များအတွက် အခွန်လျှော့ချမှုကို (၁၀) ဆခန့်တိုးချဲ့သွားရန်နှင့် အသေးစားလုပ်ငန်းသစ် (၂၅)သန်းခန့် ဖွဲ့စည်းမှုလျှောက်ထားရန် ရည်မှန်းထားကြောင်း၊ ဒုတိယသမ္မတ ကင်မလာဟဲရစ်၏ သမ္မတရွေးကောက်ပွဲမဲဆွယ်စည်းရုံးမှုများ၌ မွေးကင်းစကလေးငယ်များ၏ မိဘများအတွက် အခွန်သက်သာခွင့်ကိုတိုးချဲ့ရန်၊ မိသားစုများ၏ကုန်ကျစရိတ်လျှော့ချရန်နှင့် အိမ်ရာကဏ္ဍတို့နှင့် ပတ်သက်သည့်မူဝါဒများကို ပြောကြားခဲ့ပြီးနောက် ရက်သတ္တပတ်နှစ်ပတ်အကြာ ဤသို့ပြောကြားခဲ့ခြင်းဖြစ်ကြောင်း၊ လက်ရှိတွင် အသုံးစရိတ်အမေရိကန်ဒေါ်လာ (၅,၀၀၀) အထိ ရှိသည့်အသေးစားလုပ်ငန်းများသည် အခွန်သက်သာခွင့်ရှိပြီး ဒုတိယသမ္မတကင်မလာဟဲရစ်၏ လက်ရှိအဆိုပြုချက်အရ အသုံးစရိတ် အမေရိကန်ဒေါ်လာ (၅၀,၀၀၀) အထိ ရှိသည့်အသေးစားလုပ်ငန်းများ ပါဝင်လာမည်ဖြစ်ကြောင်း၊ အသေးစားလုပ်ငန်းများ အမြတ်ရရှိရန်စောင့်ဆိုင်းကာလတွင် အခွန်လျှော့ချမှုမှ အကျိုးအမြတ်များစွာရရှိကြကြောင်း၊ လက်ရှိဥပဒေအရ အသေးစားလုပ်ငန်းပိုင်ရှင်များသည် အခွန်လျှော့ချမှုကို (၁၅) နှစ်အထိတိုးချဲ့နိုင်မည်ဖြစ်ကာ အသုံးစရိတ် အမေရိကန်ဒေါ်လာ (၅၀,၀၀၀) ကျော်ပါက အခွန်လျှော့ချမှုအဆင့်ကို ကျော်လွန်သွားမည်ဖြစ်ကြောင်း၊ ဒုတိယသမ္မတအနေဖြင့် သမ္မတဂျိုးဘိုင်ဒင် အစိုးရအဆိုပြုသည့် အခွန်တိုးမြှင့်ကောက်ခံမှုကိုထောက်ခံပြီး တစ်နှစ် ဝင်ငွေ အမေရိကန်ဒေါ်လာ (၄၀၀,၀၀၀)ရှိသည့် မိသားစုများအတွက် အခွန်တိုးလာခြင်းမရှိစေရန် ကာကွယ်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

အသေးစားလုပ်ငန်းသစ် (၂၅)သန်းခန့် ဖွဲ့စည်းမှုလျှောက်ထားရန်ကိစ္စရပ်နှင့်ပတ်သက်၍ လက် ရှိတွင် အစိုးရလက်ထက်၌ အသေးစားလုပ်ငန်းသစ် (၁၉) သန်းသာ ဖွဲ့စည်းမှုလျှောက်ထားခဲ့ ကြောင်း သိရှိရပါသည်။ ထို့အပြင် ဒုတိယသမ္မတ ကင်မလာဟဲရစ်အနေဖြင့် အသေးစားလုပ်ငန်းများ၏ အလုပ်သမားလိုင်စင်နှင့် စီးပွားရေးလုပ်ငန်းလိုင်စင်များ ပြုလုပ်ရာတွင်ကြုံတွေ့ရသည့် အစိုးရ၏ လုပ်ထုံးလုပ်နည်းများကို လျှော့ချသွားရန် အဆိုပြုထားပြီး ကျေးလက်ရှိအသေးစားလုပ်ငန်းများ၏ ရင်းနှီးမြှုပ်နှံမှုကိုအားပေးရန် လုပ်ငန်းတိုးချဲ့မှုရန်ပုံငွေထူထောင်သွားရန်လည်း ရည်ရွယ်ကြောင်းနှင့် ၎င်းသမ္မတ အဖြစ်ရွေးကောက်ခံရပါက ဖက်ဒရယ်အစိုးရ၏စီမံကိန်းများအတွက် လုပ်ငန်းစာချုပ်  သုံးပုံတစ်ပုံကို အသေးစားလုပ်ငန်းများသို့ ခွဲဝေချပေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။ 

                                

သံရုံးယာယီတာဝန်ခံ(ကိုယ်စား)

(ခင်ဆွေဦး၊ စီးပွားရေးသံမှူး)

 

Category: International News