International News

အမေရိကန်နိုင်ငံ၏ စက်တင်ဘာလအတွက် အလုပ်အကိုင်အစီရင်ခံစာထုတ်ပြန်ခဲ့

Last Updated:

အမေရိကန် အလုပ်သမားဝန်ကြီးဌာနသည် ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ အလုပ်အကိုင် အစီရင်ခံစာကို ၄-၁၀-၂၀၂၄ ရက်တွင်ထုတ်ပြန်ခဲ့ပြီး စက်တင်ဘာအတွင်း အလုပ်အကိုင်ပေါင်း (၂၅၄,၀၀၀) အထိ ဖန်တီးပေးနိုင်ခဲ့ကာ အလုပ်လက်မဲ့နှုန်းသည် (၄.၁) ရာခိုင်နှုန်းသို့ ကျဆင်းခဲ့ ကြောင်း သိရှိရပါသည်။ ပျမ်းမျှတစ်နာရီလုပ်အားခသည် ယခင်နှစ်ကထက် (၄)ရာခိုင်နှုန်းမြင့်တက် လာပြီး မေလတွင် အမြင့်ဆုံးဖြစ်ခဲ့ကြောင်းနှင့် စားသုံးသူဈေးဆနှုန်းသည် ဩဂုတ်လတွင် (၂.၅) ရာခိုင်နှုန်းသို့ မြင့်တက်ခဲ့ကြောင်း သိရှိရပါသည်။

အဆိုပါထုတ်ပြန်ချက်နှင့်ပတ်သက်၍ သမ္မတဂျိုးဘိုင်ဒင်က အလုပ်သမားအစီရင်ခံစာသည် အမေရိကန်အလုပ်သမားများနှင့် မိသားစုများအတွက် သတင်းကောင်းတစ်ရပ်ဖြစ်ပြီး ၎င်း၏ အစိုးရသက်တမ်းတွင် အလုပ်အကိုင်ပေါင်း (၁၆)သန်းအထိ ဖန်တီးပေးနိုင်ခဲ့ကာ အလုပ်လက်မဲ့နှုန်းမှာလည်း ကျဆင်းလျက်ရှိကြောင်း၊ လုပ်ခလစာတိုးနှုန်းသည် ဈေးနှုန်းများမြင့်တက်ခြင်းထက်ပို၍ တိုးလာခဲ့ကြောင်း၊ အလုပ်လက်မဲ့နှုန်းသည် နှစ်ပေါင်း (၅၀)အတွင်း အနိမ့်ဆုံးဖြစ်ကာ စီးပွားရေးလုပ်ငန်းသစ် စုစုပေါင်း (၁၉) သန်းအထိ ဖွဲ့စည်းခဲ့ကြောင်း၊ ငွေကြေးဖောင်းပွမှုသည် ကိုဗစ်-၁၉ ကူးစက်ရောဂါ မတိုင်မီကာလတွင်ရှိခဲ့သည့် ရာခိုင်နှုန်းအထိ ကျဆင်းလာခဲ့သကဲ့သို့ အတိုးနှုန်းလည်း လျော့ကျလာခဲ့ကြောင်း ဖော်ပြထားပါသည်။

(စီးပွားရေးသံမှူး၊ အမေရိကန်ပြည်ထောင်စု)

 

Category: International News