Daily News Articles

ဖိလစ်ပိုင်နိုင်ငံသည် ဗီယက်နမ်နိုင်ငံမှ ဆန်ဝယ်ယူမှုအား တိုးမြှင့်သွားဖွယ်ရှိ

Last Updated:

ဖိလစ်ပိုင်နိုင်ငံ၏ စားနပ်ရိက္ခာဖူလုံရေးအတွက် ဗီယက်နမ်နိုင်ငံမှ ဆန်ဝယ်ယူမှုအား တိုးမြှင့်သွားလိုကြောင်း ဖိလစ်ပိုင်စိုက်ပျိုးရေးဝန်ကြီးမှ လွန်ခဲ့သောသတင်းပတ်က ဗီယက်နမ်နိုင်ငံသို့ သွားရောက်ခဲ့သည့် ခရီးစဉ်အတွင်း ပြောကြားခဲ့ပါသည်။ အရှေ့တောင်အာရှတွင် အဓိက စပါးစိုက်ပျိုးသည့် ဧရိယာတစ်ခုဖြစ်သော An Giang ခရိုင်ရှိ Vietnam’s Mekong Delta သို့လည်း သွားရောက်လေ့လာခဲ့ကြောင်း ဖော်ပြထားပါသည်။

ဗီယက်နမ်နိုင်ငံသည် ကမ္ဘာ့တတိယအကြီးဆုံး ဆန်တင်ပို့သည့်နိုင်ငံတစ်ခုဖြစ်ပြီး ဖိလစ်ပိုင်နိုင်ငံသည် လတ်တလောတွင် ဆန်တင်သွင်းမှုအများဆုံးဖြစ်နေပါကြောင်း၊ ဗီယက်နမ်နိုင်ငံ၏ ၂၀၂၄ ခုနှစ်၊ ပထမ ၅ လတာကာလအတွင်း စုစုပေါင်းဆန်တင်ပို့မှု၏ ၄၅.၄% မှာ ဖိလစ်ပိုင်နိုင်ငံသို့ တင်ပို့ခဲ့ခြင်းဖြစ်ပါသည်။ ဖိလစ်ပိုင်နိုင်ငံ၏ လူဦးရေမှာ နှစ်စဉ် ၁.၅% နှုန်းဖြင့် တိုးမြင့်လာသည့်အတွက် ပြည်တွင်း ဆန်လိုအပ်ချက်များလာသည့်အတွက် တင်သွင်းမှုအား တိုးမြင့်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့ပါသည်။

ထို့ပြင် ဗီယက်နမ်ဆန်ကုမ္ပဏီများအနေဖြင့် ဖိလစ်ပိုင်နိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံသင့် ကြောင်းကိုလည်း ပြောကြားခဲ့ပါသည်။စိုက်ပျိုးရေးဝန်ကြီးသည် ဗီယက်နမ်နိုင်ငံရှိ ဓာတ်မြေဩဇာ ကုမ္ပဏီဖြစ်သော Binh Dien Fertilizer Joint Stock Company မှ တာဝန်ရှိသူနှင့်လည်း တွေ့ဆုံခဲ့ပြီး ဖိလစ်ပိုင်နိုင်ငံသို့ ရောင်းချမည့်အလားအလာအား မြှင့်တင်ရန်နှင့်ဓာတ်မြေဩဇာ ထုတ်လုပ်ရောင်းချရန် ဆွေးနွေးခဲ့ကြောင်း ဖော်ပြပါရှိပါသည်။

 လက်ရှိဖိလစ်ပိုင်နိုင်ငံတွင်ရှိသည့် ဗီယက်နမ်ဓာတ်မြေဩဇာလုပ်ငန်းစုကြီးများကြောင့် ပြည်တွင်း စပါးထွက်ရှိမှုနှုန်းထား တိုးမြင့်ရေးအတွက် အထောက်အကူဖြစ်စေပါကြောင်း၊  Binh Dien ကုမ္ပဏီနှင့် ပူးပေါင်းဆောင်ရွက်သွားမည့် အလားအလာများလည်း ရှိပါကြောင်းနှင့်စိုက်ပျိုးရေးကျွမ်းကျင်ပညာရှင်များနှင့် အဆင့်မြင့်နည်းပညာများမှလည်း ဖိလစ်ပိုင်နိုင်ငံအတွက် အကျိုးအမြတ်များ သိသိသာသာ ရရှိခဲ့ပါကြောင်း ဖော်ပြခဲ့ပါသည်။

Binh Dien ကုမ္ပဏီသည် ဖိလစ်ပိုင်နိုင်ငံတွင် ဓာတ်မြေဩဇာထုတ်လုပ်၊ ဖြန့်ဖြူး၊ ရောင်းချရန်လာရောက်ရင်းနှီးမြှုပ်နှံမှုအတွက် ကနဦးသဘောတူညီထားခဲ့ကြောင်း စိုက်ပျိုးရေးဝန်ကြီးဌာနမှ ပြောကြားခဲ့ပါသည်။ စက်ရုံသို့သွားရောက်လေ့လာစဉ် ၎င်းတို့၏ ပညာရှင်များနှင့်ထုတ်လုပ်မှုနည်းစနစ်များ မှာ လွန်စွာကောင်းမွန်သည်ကို တွေ့ရှိရပြီး ဖိလစ်ပိုင်နိုင်ငံအတွက်လည်း များစွာလိုအပ်ပါကြောင်း စိုက်ပျိုးရေးဝန်ကြီးမှ ပြောကြားခဲ့ကြောင်း ဖော်ပြပါရှိပါသည်။

Binh Dien ကုမ္ပဏီသည် နိုင်ထရိုဂျင်၊ ဖော့စဖရက်စ်နှင့် ပိုတက်ဆီယမ်တို့ ပေါင်းစပ်ထားသည့် NPK ဓာတ်မြေဩဇာအား ထုတ်လုပ်သည့် ဗီယက်နမ်နိုင်ငံ၏ ထိပ်တန်းကုမ္ပဏီတစ်ခုလည်းဖြစ်သည်။ စက်ရုံပေါင်းမြောက်များစွာရှိပြီး ဓာတ်မြေဩဇာမက်ထရစ်တန်ချိန် ၁ သန်းခန့်ထုတ်လုပ်နိုင်ပြီး ဗီယက်နမ်နိုင်ငံ၏ စုစု ပေါင်းဓာတ်မြေဩဇာလိုအပ်ချက်၏ ၃၀% အား လုံလောက်စေကြောင်း စိုက်ပျိုးရေးဝန်ကြီးမှ ပြောကြားခဲ့ပါသည်။ Binh Dien ကုမ္ပဏီအနေဖြင့် ဖိလစ်ပိုင်သည် နိုင်ငံတကာဈေးကွက်သို့ ချဲ့ထွင်နိုင်သည့် ကြီးမားသောအခွင့်အရေးတစ်ခုဖြစ်ကြောင်းနှင့် စိုက်ပျိုးရေး  နည်းပညာများ မြှင့်တင် လာနိုင်ခြင်းဖြင့် နှစ်ဖက်အဖွဲ့အစည်းကြား အပြန်အလှန်အကျိုးရှိစေမည်ဟုလည်း အလေးပေးပြောကြားခဲ့ပါသည်။

 

 

(ကေသွယ်ခိုင်၊ စီးပွားရေးသံမှူး၊ မနီလာမြို့)

Source; https://malaya.com.ph/news_business/ph-wants-to-boost-rice-cooperation-with-vietnam/