International News

ယူနန်ပြည်နယ်သည် တရုတ်နိုင်ငံ၏ ဒူးရင်းသီး တင်သွင်းမှုအတွက် ဒုတိယအကြီးဆုံး ဝင်ပေါက်ဖြစ်လာ

Last Updated:

ယူနန်ပြည်နယ်မှ ဒူးရင်းသီးတင်သွင်းမှုသည် ယခုနှစ် ပထမနှစ်ဝက်တွင် မက်ထရစ်တန် (၁၅၁, ၀၀၀) ရှိခဲ့ပြီး ၂၀၂၃ ခုနှစ်၊ အလားတူကာလထက် (၂၇.၆)ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်း၊တစ်ချိန်တည်းတွင် သွင်းကုန်တန်ဖိုးသည် (၂၄.၃)ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး တရုတ်ယွမ် (၅.၀၃) ဘီလီယံ (အမေရိကန်ဒေါ်လာ ၇၀၇ သန်း)ရှိခဲ့ကာ တရုတ်နိုင်ငံ၏ ဒူးရင်းသီးတင်သွင်းမှု စုစု ပေါင်းတန်ဖိုး၏ (၁၇.၈)ရာခိုင်နှုန်းရှိကြောင်း၊ ယခင်နှစ် ပထမနှစ်ဝက်တွင် ဒူးရင်းသီး တင်သွင်း မှုစုစုပေါင်းတန်ဖိုး၏ (၁၅.၂)ရာခိုင်နှုန်းသာ ရှိခဲ့ရာမှ ယခုကဲ့သို့ တိုးတက်လာခြင်းဖြစ်ကြောင်း၊  ဒူးရင်းသီးတင်သွင်းမှုပမာဏနှင့် တန်ဖိုးနှစ်ခုစလုံးသည် တရုတ်နိုင်ငံ၏ ပြည်နယ်များအကြားတွင် ဒုတိယနှင့် တရုတ်နိုင်ငံအနောက်ပိုင်းတွင် ပထမဖြစ်လာကြောင်း သိရှိရပါသည်။

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလမှ ဇွန်လအတွင်း ယူနန်ပြည်နယ်သည် ထိုင်းနိုင်ငံမှ ဒူးရင်းသီး မက်ထရစ်တန် (၉၂,၀၀၀) တင်သွင်းခဲ့ပြီး စုစုပေါင်းတန်ဖိုးမှာ ယွမ် (၃.၄၃)ဘီလီယံ (အမေရိကန် ဒေါ်လာ ၄၈၂ သန်း)ရှိကြောင်း၊ ဤပမာဏသည် တရုတ်နိုင်ငံသို့ ထိုင်းဒူးရင်း တင်သွင်းမှုအားလုံး ၏ (၁၆.၉)ရာခိုင်နှုန်းရှိပြီး ကွမ်တုန်းပြည်နယ်ပြီးလျှင် ဒုတိယမြောက်အများဆုံးဖြစ်ကြောင်း၊ တစ်ချိန်တည်းတွင် ဗီယက်နမ်မှ ဒူးရင်းသီး တင်သွင်းမှုသည် စုစုပေါင်း မက်ထရစ်တန် (၅၉,၀၀၀) ရှိကာ တန်ဖိုးယွမ် (၁.၆)ဘီလီယံ(အမေရိကန်ဒေါ်လာ ၂၂၅ သန်း)ရှိပြီး တရုတ်နိုင်ငံသို့ ဗီယက် နမ်မှ ဒူးရင်းသီးတင်သွင်းမှုစုစုပေါင်း၏ (၂၀.၃)ရာခိုင်နှုန်းဖြင့်  ပထမအဆင့်တွင်ရှိကြောင်း၊ ရထား လမ်း၊ ကားလမ်းနှင့် မြစ်ကြောင်းသယ်ယူပို့ဆောင်ရေးကဲ့သို့သော သယ်ယူပို့ဆောင်ရေးပုံစံအမျိုးမျိုးသည် ယူနန်ပြည်နယ်၏ ဒူးရင်းသီးတင်သွင်းမှု အရှိန်အဟုန်ဖြင့် တိုး တက်မှုကို အထောက်အကူဖြစ်စေကြောင်း သိရှိရပါသည်။

တရုတ်-လာအို ရထားလမ်း စတင်ဖွင့်လှစ်ပြီးကတည်းက ယူနန်ပြည်နယ်၏ ဒူးရင်းသီး တင်သွင်းမှုသည် သိသိသာသာ တိုးတက်လာခဲ့ကြောင်း၊ အကောက်ခွန်အချက်အလက်များအရ ရထားလမ်းကြောင်းမစတင်မီ ၂၀၂၁ ခုနှစ်တွင် ယူနန်ပြည်နယ်၏ ဒူးရင်းသီးတင်သွင်းမှုသည် တရုတ်တစ်နိုင်ငံလုံးစုစုပေါင်း၏ (၇.၇)ရာခိုင်နှုန်းသာရှိပြီး တရုတ်နိုင်ငံတွင် အဆင့်(၅)နေရာတွင် ရှိကြောင်း သိရှိရပါသည်။

ရထားလမ်းစတင်ဖွင့်လှစ်ပြီးနောက် ၂၀၂၂ ခုနှစ်တွင် ယူနန်ပြည်နယ်၏ ဒူးရင်းသီး တင်သွင်း မှုသည် တစ်နိုင်ငံလုံး၏ (၁၄.၄)ရာခိုင်နှုန်းရှိ၍ နှစ်ဆနီးပါးတိုးလာပြီး တစ်နိုင်ငံလုံးအတိုင်း အတာဖြင့် ဒုတိယနေရာသို့ ရောက်ရှိလာခဲ့ကြောင်း၊ တရုတ်-လာအို ရထားလမ်းကြောင်းတွင် ပြေးဆွဲနေသည့် Lancang-Mekong Express ကုန်စည်ရထားသည် ထိုင်းဒူးရင်းသီး အမြောက်အမြားကို တရုတ်နိုင်ငံသို့ ပို့ဆောင်ပေးကာ ယူနန်ပြည်နယ် မိုဟန်ဆိပ်ကမ်းသည် တရုတ်ဈေးကွက်သို့ သစ်သီးများဝင်ပေါက်အဖြစ် ဆောင်ရွက်လျက်ရှိကြောင်း၊ ယခုနှစ် ပထမနှစ်ဝက်တွင် တရုတ်-လာအို မီးရထားလမ်းမှတစ်ဆင့် ဒူးရင်းသီးတန်ချိန် (၆၀,၀၀၀) သယ်ဆောင်ခဲ့ပြီး ၂၀၂၃ ခုနှစ်ထက် (၁၁၅.၄)ရာခိုင်နှုန်း တိုးလာခဲ့ကြောင်း၊  သွင်းကုန်တန်ဖိုးမှာ ယွမ်ငွေ (၂.၂၈)ဘီလီယံ (အမေရိကန် ဒေါ်လာ သန်း ၃၂၀)ရှိကာ အလားတူကာလထက် (၁၄၀ .၉) ရာခိုင်နှုန်း တိုးလာခဲ့ကြောင်း သိရှိရပါသည်။

ထို့အပြင် ယူနန်ပြည်နယ်တွင် တည်ရှိသည့် တရုတ်-ဗီယက်နမ်နယ်စပ်ရှိ အဓိကကုန်းလမ်း ဖြစ်သည့် Hekou နယ်စပ်ဂိတ်မှတစ်ဆင့် ဗီယက်နမ်ဒူးရင်းသီးအမြောက်အများကို တရုတ်နိုင်ငံသို့ တင်သွင်းလျက်ရှိကြောင်း၊ ပြီးခဲ့သည့် (၂)နှစ်အတွင်း Hekou ဂိတ်မှတစ်ဆင့် ဗီယက်နမ်ဒူးရင်းသီး တင်သွင်းမှုသည် သိသိသာသာ တိုးတက်လာခဲ့ကြောင်း၊ ၂၀၂၂ ခုနှစ်၊ ဇူလိုင်လတွင် တရုတ်နိုင်ငံ၏ အကောက်ခွန်အထွေထွေအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့သည် ဗီယက်နမ်ဒူးရင်းသီး လတ်လတ်ဆတ် ဆတ်များကို ဈေးကွက်သို့ တရားဝင် ဝင်ရောက်ခွင့်ပြုခဲ့ပြီး ပထမအသုတ်ကို ထိုနှစ် အောက်တိုဘာလတွင် Hekou ဂိတ်မှတစ်ဆင့် တင်သွင်းခဲ့ကြောင်း သိရှိရပါသည်။

အဆိုပါဂိတ်သည် ၎င်း၏တည်နေရာအားသာချက်ကြောင့် တရုတ်နိုင်ငံ၏ ဒူးရင်းသီးတင်သွင်းမှု အများဆုံးနေရာတစ်ခုဖြစ်လာကြောင်း၊ ယူနန်ပြည်နယ်သည် ယခုနှစ် ပထမနှစ်ဝက်တွင် ဗီယက်နမ်ဒူးရင်းသီး မက်ထရစ်တန်ချိန် (၅၉,၀၀၀)တင်သွင်းခဲ့ပြီး ၂၀၂၃ ခုနှစ်ထက် (၂၇၀.၇) ရာခိုင်နှုန်း တိုးလာကာ စုစုပေါင်း တင်သွင်းမှုတန်ဖိုး ယွမ် (၁.၆)ဘီလီယံ(အမေရိကန်ဒေါ်လာ ၂၂၅ သန်း)ရှိပြီး တစ်နှစ်ထက်တစ်နှစ် (၂၅၀.၉)ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်း သိရှိရပါသည်။

တရုတ်နိုင်ငံအတွင်းသို့ တင်သွင်းမည့် သစ်သီးများအတွက် မကြာသေးမီက ခွင့်ပြုခဲ့သော ယူနန်ပြည်နယ် Guanlei မြစ်ဆိပ်ကမ်းသည် လန်ချန်း-မဲခေါင်မြစ်တစ်လျှောက်မှ ဒူးရင်းသီးများ တင်သွင်းရာတွင် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်ကြောင်း၊ အဆိုပါ ဆိပ်ကမ်းသည် ယူနန် ပြည်နယ်သို့ ရေကြောင်းမှ တင်သွင်းသည့် သစ်သီးဝလံများကို စစ်ဆေးရန် သတ်မှတ်ထားသော တစ်ခုတည်းသော စစ်ဆေးရေးနေရာဖြစ်ကြောင်း သိရှိရပါသည်။

ရေလမ်းဖြင့် ပထမဆုံးတင်ပို့သည့် ဒူးရင်းသီးများသည် ထိုင်းနိုင်ငံ ချင်းဆန်ဆိပ်ကမ်းမှ မြစ်အထက်ပိုင်းသို့ ဆန်တက်လာပြီး Guanlei ဆိပ်ကမ်းသို့ (၂)ရက်အကြာတွင် ရောက်ရှိလာခဲ့ ကြောင်း၊ Guanlei ဆိပ်ကမ်းမှတစ်ဆင့် တင်သွင်းလာသော သစ်သီးဝလံအများစုမှာ ထိုင်းနှင့် အခြားအာဆီယံနိုင်ငံများမှ ထွက်ရှိသော ဒူးရင်းသီး၊ မင်းဂွတ်သီးနှင့် လောင်ဂန်သီးများဖြစ်ကြောင်း၊ ဤဆိပ်ကမ်းမှတစ်ဆင့် သစ်သီးတင်သွင်းမှုသည် ၂၀၂၅ ခုနှစ်တွင် မက်ထရစ်တန် (၁၅၀,၀၀၀)နှင့် ၂၀၃၀ ပြည့်နှစ်တွင် မက်ထရစ်တန် (၃၀၀,၀၀၀)သို့ရောက်ရှိရန် ခန့်မှန်းထားကြောင်း သိရှိရပါသည်။

Source: https://www.producereport.com/article/yunnan-booms-chinas-second-largest-gateway-durian-imports

(စီးပွားရေးသံမှူး၊ နန်နင်းမြို့)

 

Category: International News