International News

ဗီယက်နမ်နိုင်ငံသည် ၈ လအတွင်း ကုန်သွယ်မှု ပိုငွေအမေရိကန်ဒေါ်လာ ၁၉ ဘီလီယံ ရရှိ

Last Updated:

ဗီယက်နမ်နိုင်ငံသည် ယခုနှစ် ၈ လတွင် ကုန်သွယ်မှုပိုငွေ အမေရိကန်ဒေါ်လာ ၁၉.၀၇ ဘီလီယံ စံချိန်တင်ရရှိခဲ့ကြောင်း ဗီယက်နမ်နိုင်ငံ အထွေထွေစာရင်းအင်းရုံး (GSO) ၏ ထုတ်ပြန်ချက်အရ သိရှိရပါသည်။

ပြန်လည်သုံးသပ်သည့်ကာလအတွင်း ဗီယက်နမ်နိုင်ငံ၏ ကုန်သွယ်မှုပမာဏသည် အမေရိကန်ဒေါ်လာ ၅၁၁ ဘီလီယံကျော် ရှိပြီး ယခင်နှစ် အလားတူကာလထက် ၁၆.၇ ရာခိုင်နှုန်း တိုးမြင့်လာကြောင်း၊ ပို့ကုန်စုစုပေါင်း အမေရိကန်ဒေါ်လာ ၂၆၅ ဘီလီယံနှင့် သွင်းကုန် အမေရိကန် ဒေါ်လာ ၂၄၆ ဘီလီယံရှိကြောင်း ဖော်ပြထားပါသည်။

ပြည်တွင်းကဏ္ဍသည် ပို့ကုန်တန်ဖိုး၏ ၂၇.၉ ရာခိုင်နှုန်းဖြစ်ပြီး အမေရိကန် ဒေါ်လာ ၇၃.၈၈ ဘီလီယံရှိသည်။ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုကဏ္ဍ (ရေနံစိမ်းအပါအဝင်)တွင် အမေရိကန် ဒေါ်လာ ၇၂.၁ ဘီလီယံရှိကြောင်းဖော်ပြထားသည်။

ဗီယက်နမ်နိုင်ငံသည် ၈ လအတွင်းပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၁ ဘီလီယံကျော်ရှိပြီး ပို့ကုန်စုစုပေါင်း၏ ၉၂.၃% ရှိကြောင်း၊ အထူးသဖြင့် ၆ နိုင်ငံမှ ကုန်သွယ်မှုပမာဏသည် အမေရိကန် ဒေါ်လာ ၁၀ ဘီလီယံကျော်ရှိပြီး နိုင်ငံ၏ စုစုပေါင်းကိန်းဂဏန်း၏ ၆၂.၆ % ရှိကြောင်း သိရှိရပါသည်။

သွင်းကုန်တန်ဖိုးအနေဖြင့် ပြည်တွင်းကဏ္ဍသည် ၁၉.၇ ရာခိုင်နှုန်းတိုးလာကာ အမေရိကန် ဒေါ်လာ ၈၉.၅၈ ဘီလီယံနှင့် နိုင်ငံခြားရင်းနှီးမြုပ်နှံမှုကဏ္ဍတွင် ၁၆.၉ ရာခိုင်နှုန်းရှိပြီး ၁၅၆.၄၄ ဘီလီယံအထိ မြင့်တက်လာခဲ့သည်။

ဩဂုတ်လတစ်လတည်းတွင် ကုန်သွယ်မှုတန်ဖိုးသည် အမေရိကန်ဒေါ်လာ ၇၀.၆၅ ဘီလီယံသို့ ရောက်ရှိခဲ့ပြီး ယခင်နှစ် အလားတူကာလထက် ၁၃.၅ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။ ကိန်းဂဏန်းများအရ ပို့ကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၃၇.၅၉ ဘီလီယံရှိပြီး ဇူလိုင်လနှင့် နှိုင်းယှဉ်ပါက ၃.၇% တိုးလာပြီး သွင်းကုန်မှာ တစ်လလျှင် ၂.၄% ကျဆင်းသွားကာ အမေရိကန် ဒေါ်လာ ၃၃.၀၆ ဘီလီယံအထိ ရှိခဲ့သည်။

အမေရိကန်သည် ဗီယက်နမ်နိုင်ငံ၏ အကြီးဆုံးသွင်းကုန် ဈေးကွက်ဖြစ်ပြီး ၇၇.၉ ဘီလီယံရှိကာ တရုတ်နိုင်ငံသည် ဗီယက်နမ်နိုင်ငံ၏ အကြီးဆုံးပို့ကုန်မိတ်ဖက်ဖြစ်ပြီး အမေရိကန်ဒေါ်လာ ၉၂.၃ ဘီလီယံဖြင့် တင်ပို့လျက်ရှိကြောင်းဖော်ပြထားသည်။

အထွေထွေစာရင်းအင်းရုံး၏ ညွှန်ကြားရေးမှူးဟောင်းဖြစ်သူ Mr Nguyen Bich Lam က ဗီယက်နမ်၏ ပို့ကုန်သည် ၂၀၂၄ ခုနှစ် ကျန်လေးလအတွင်း တစ်လထက်တစ်လ တိုးလာပါက ယခုနှစ်တွင် ၎င်း၏ စုစုပေါင်း ပို့ကုန်တန်ဖိုးသည် ၂၀၂၂ ခုနှစ်တွင် စံချိန်တင်ခဲ့သည့် အမေရိကန် ဒေါ်လာ ၃၇၁.၈၂ ဘီလီယံကျော်လွန်ကာ အမေရိကန်ဒေါ်လာ ၄၀၀ ဘီလီယံထိ စံချိန်တင်နိုင်ဖွယ် ရှိကြောင်း ပြောကြားခဲ့သည်။

Source: VN Express International

(စီးပွားရေးသံမှူး၊ဗီယက်နမ်)

Category: International News