Local News

အောင်လံမြို့နယ်၌ ပဲတီစိမ်းသစ်များ လှိုင်လှိုင်ထွက်ပေါ်၍ အရောင်းအဝယ်ဖြစ်

Last Updated:

မကွေးတိုင်းဒေသကြီး အောင်လံမြို့နယ်အတွင်းရှိ မြို့လှ(ရွာမ)၊ မြို့လှ(ချိုင်းစု)၊ မြို့လှ (ကျောင်းစု)စသည့် ကျေးရွာများတွင် ပဲတီစိမ်းသီးနှံကို အဓိကထား၍ နှစ်စဉ်စိုက်ပျိုးကြကြောင်း၊ ပဲတီစိမ်းသီးနှံကို တစ်နှစ်လျှင် မိုးနှင့် ဆောင်းနှစ်ရာသီစိုက်ပျိုးကြပြီး ယခုနှစ်တွင် ပဲတီစိမ်းစိုက်ဧက ၁၂၀ ခန့် စိုက်ပျိုးထားရှိကြောင်း သိရသည်။ မိုးပဲတီစိမ်းကို ဇွန်လဆန်းတွင် စတင်စိုက်ပျိုးကြပြီး ဩဂုတ်လကုန်တွင် လှိုင်လှိုင်ထွက်ပေါ်လျက်ရှိကြောင်း၊ မျိုးအနေဖြင့် ပဲတီစိမ်း(မြကြေးမုံ) မျိုးနှင့် ပဲတီစိမ်း(ကျောက်စိမ်း) မျိုးများကို စိုက်ပျိုးကြပြီး ပဲတီစိမ်း(မြကြေးမုံ)မျိုးကို အများ ဆုံးစိုက်ပျိုးကြကြောင်း၊ စိုက်ပျိုးရာတွင် ထွန်ကြောင်းဆွဲ၍ ကြဲပက်စနစ်ဖြင့် တစ်ဧကလျှင် မျိုးစေ့ ၈ ပြည်ခန့် စိုက်ပျိုးရပြီး စိုက်ပျိုးထုတ်လုပ်မှုအတွက် တစ်ဧကလျှင် ငွေကျပ် ၄၅၀၀၀၀ ခန့် ကုန်ကျကြောင်း၊ တစ်ဧကလျှင် ၁၆-၁၉ တင်းခန့်ထွက်ရှိပြီး စိုက်ပျိုးမြေအနေအထား၊ သီးနှံအောင်မြင် ဖြစ်ထွန်းမှုအပေါ်မူတည်၍ အထွက်နှုန်းများ ကွဲပြားမှုရှိကြောင်း၊ ဈေးနှုန်းအနေဖြင့် စက်တင်ဘာလ ပထမပတ်တွင် ပဲတီစိမ်း တစ်တင်းလျှင် ငွေကျပ် ၅၅၀၀၀-၅၈၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး တစ်ဧကအကျိုးအမြတ်အနေဖြင့် ငွေကျပ် ၆၅၀၀၀၀ ခန့် ရရှိကြောင်း သိရသည်။

ဈေးကွက်အနေဖြင့် အောင်လံမြို့ရှိ သီးနှံပွဲရုံများသို့ တင်ပို့ရောင်းချပြီး ထိုမှတစ်ဆင့် ရန်ကုန်မြို့သို့ တင်ပို့ရောင်းချကြောင်း၊ ပြည်ပဈေးကွက်အနေဖြင့် ရန်ကုန်မြို့မှ တစ်ဆင့် တရုတ်၊ ဗီယက်နမ်နှင့် အင်ဒိုနီးရှားနိုင်ငံတို့သို့ တင်ပို့ကြောင်း၊ ပဲတီစိမ်းအထွက်နှုန်းမှာ ယခုနှစ်တွင် ယခင်နှစ်ကထက် ပိုမိုကောင်းမွန်သောကြောင့် တောင်သူများအနေဖြင့် ထိုက်သင့်သည့် အကျိုးအမြတ်များ ရရှိကြောင်း သိရှိရသည်။

Source: မြန်မာ့အလင်းသတင်းစာ

Category: Local News