International News

ဗီယက်နမ်နိုင်ငံမှ အုန်းသီးများ တရုတ်နိုင်ငံသို့ တင်ပို့မှု သိသိသာသာ တိုးမြင့်လာမည်ဟု မျှော်လင့်

Last Updated:

ဗီယက်နမ်နိုင်ငံ၏ လယ်ယာထွက်ကုန်တင်ပို့မှုတွင် အုန်းသီး လတ်လတ်ဆတ်ဆတ်များ အား တရုတ်နိုင်ငံသို့ တင်ပို့မှုတိုးမြင့်လာခြင်းကြောင့် ဗီယက်နမ်နိုင်ငံ၏ စီးပွားရေးအပေါ် သိသိသာသာ သက်ရောက်မှုရှိမည်ဟုမျှော်လင့်ကြောင်း အစိုးရတာဝန်ရှိသူများက ပြောကြားခဲ့သည်။

ဗီယက်နမ်နိုင်ငံ၏ လတ်ဆတ်သောအုန်းသီးများ တရုတ်နိုင်ငံသို့တင်ပို့ရန်အတွက် ဓာတုဗေဒဆိုင်ရာလိုအပ်ချက်များနှင့်ပတ်သက်သည့် ပရိုတိုကောကို မကြာသေးမီက လက်မှတ် ရေးထိုးခဲ့ကြောင်း၊ အဆိုပါ သဘောတူညီချက်သည် ဗီယက်နမ်အုန်းသီးများ တရုတ်ဈေးကွက်သို့ တင်ပို့ရန်အတွက်  ရေရှည်တည်တံ့ပြီး ဈေးကွက်ကြီးကြီးမားမား ရရှိစေမည်ဖြစ်ကြောင်း စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန လက်အောက်ရှိ သီးနှံစိုက်ပျိုး ထုတ်လုပ်မှုဌာန ဒုတိယညွှန်ကြားရေးမှူး Mr Nguyen Quoc Manh က ပြောကြားခဲ့သည်။

ဗီယက်နမ်အုန်းသီးအသင်း၏ ဒုတိယ ဥက္ကဋ္ဌနှင့် အထွေထွေအတွင်းရေးမှူးဖြစ်သူ Mr Cao Ba Dang Khoa က ဗီယက်နမ်နိုင်ငံမှ အုန်းသီးဝယ်လိုအားသည် တရုတ်နိုင်ငံအပြင် အိန္ဒိယနှင့် အရှေ့ အလယ်ပိုင်းတို့တွင်လည်း ဝယ်လိုအားများလျက်ရှိကြောင်း၊  ယခုနှစ်အတွင်း အုန်းသီး တင်ပို့မှုသည် သိသိသာသာ အောင်မြင်မှုရရှိကာ ဝင်ငွေ အမေရိကန်ဒေါ်လာ သန်း ၂၅၀ ရှိလာမည်ဟု မျှော်မှန်းထားကြောင်း ဖော်ပြထားသည်။

ကမ္ဘာ့အုန်းသီးဈေးကွက်တွင် ဗီယက်နမ်သည် ခိုင်မာစွာရပ်တည်မှုရှိကြောင်း၊ စိုက်ပျိုးဧရိယာနှင့် အထွက်နှုန်းအရ ထိပ်တန်း ၁၀ နိုင်ငံစာရင်းတွင် အဆင့် ၆ ရှိနေရာတွင်ရှိကြောင်း၊ ယေဘူယျအားဖြင့် အုန်းခြံ ဟက်တာ ၂၀၀၀၀၀ ခန့်ရှိပြီး နှစ်စဉ် အုန်းသီး တန်ချိန် ၂.၁ သန်း ထွက်ရှိကြောင်း သိရှိရပါသည်။

ဗီယက်နမ်နိုင်ငံ၏ အဓိက စက်မှုသီးနှံများ ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်အရ အုန်းသီး စိုက်ပျိုးဧရိယာကို ၂၀၃၀ ခုနှစ်တွင် ၁၉၅၀၀၀ ဟက်တာ မှ ၂၁၀၀၀၀ ဟက်တာအထိ ချဲ့ထွင်ရန် ရည် မှန်းထားကြောင်း၊ မဲခေါင်မြစ်ဝကျွန်းပေါ်ဒေသတွင် ဟက်တာ ၁၇၀၀၀၀ မှ ၁၇၅၀၀၀ ထိ တိုးချဲ့ အကောင်အထည်ဖော်ဆောင်မည်ဖြစ်ပြီး၊ တောင်အလယ်ပိုင်း ကမ်းရိုးတန်းဒေသတွင် စိုက်ပျိုးဧရိယာဟက်တာ ၁၆၀၀၀မှ ၂၀၀၀၀ တိုးချဲ့သွားမည်ဟု မျှော်မှန်းထားသည်။

၂၀၃၀ ခုနှစ်တွင် ဗီယက်နမ်နိုင်ငံသည် ၎င်း၏ အုန်းစိုက်ပျိုးခြင်း လုပ်ငန်း၏ အရည်အသွေးနှင့် ရေရှည်တည်တံ့ခိုင်မြဲမှုကို သိသိသာသာ တိုးတက်စေရန် ရည်မှန်းထားကြောင်း၊ အထူးသဖြင့် အုန်းစိုက်ပျိုးဧရိယာ၏ ၃၀ % ကျော်သည် ကောင်းမွန်သော စိုက်ပျိုးရေးအလေ့အကျင့်များ (GAP) နှင့် တူညီသောစံနှုန်းများကိုအတွက် ၎င်းတို့၏ ထုတ်လုပ်မှုဇုန်များတွင် အသိအမှတ်ပြု လက်မှတ်များရရှိမည်ဖြစ်ကြောင်း သိရှိရပါသည်။

အဆိုပါ ရည်မှန်းချက်များ အောင်မြင်ရန် တောင်သူလယ်သမားများသည် သီးနှံ စိုက်ပျိုးခြင်းနှင့် ပေါင်းစပ်စိုက်ပျိုးခြင်းကဲ့သို့သော ဆန်းသစ်တီထွင်သော စိုက်ပျိုးနည်းစနစ်များကို ကျင့်သုံးမည်ဖြစ်ကြောင်း၊ အဆိုပါ နည်းလမ်းများသည် တောင်သူလယ်သများအတွက် မြေယာထုတ်လုပ်မှုကို တိုးမြှင့်စေနိုင်မှာဖြစ်ပြီး ဇီဝမျိုးစုံမျိုးကွဲတွေကို မြှင့်တင်နိုင်ကာ ပိုမိုရေရှည် တည်တံ့ပြီး အကျိုးအမြတ်ရှိသော အုန်းစိုက်ပျိုးသည့် အလေ့အကျင့်များကို ဖြစ်ပေါ်စေမည်ဖြစ်ကြောင်း သိ ရှိရပါသည်။

သီးနှံစိုက်ပျိုးထုတ်လုပ်မှုဌာနမှ ဒုတိယညွှန်ကြားရေးမှူး Manh က ဗီယက်နမ်နိုင်ငံရှိ အုန်းစိုက်ပျိုးဒေသများသည် ဖွံ့ဖြိုးတိုးတက်သော ဂေဟစနစ်၊ ခရီးသွားနေရာများ ဖြစ်လာရန် အလားအလာများရှိကြောင်း၊ အုန်းခြံခရီးစဉ်များ၊ ဒေသအစားအစာများ၊ ရိုးရာလက်မှုပညာနှင့် အုန်းသီးထုတ်လုပ်သည့် စက်ရုံများသို့ သွားရောက်လည်ပတ်ခြင်းစသည့် အတွေ့အကြုံများကို ပေးဆောင်ခြင်းဖြင့် အဆိုပါဒေသများသည် တစ်ဒေသထွက်ကုန် တစ်မျိုးပစ္စည်းများကို ဖန်တီးနိုင် သကဲ့သို့ ခရီးသွားလုပ်ငန်း ဝင်ငွေကိုပါ မြှင့်တင်ပေးနိုင်မည် ဖြစ်ကြောင်း ပြေကြားခဲ့သည်ဟု ဖော်ပြထားသည်။

Source: Vietnam plus

(စီးပွားရေးသံမှူး၊ဗီယက်နမ်)

Category: International News