International News

အမေရိကန်နိုင်ငံသားများ၏ ဝင်ငွေသည် ၂၀၂၃ ခုနှစ်တွင် မြင့်တက်ခဲ့ကြောင်း သန်းခေါင်စာရင်းဗျူရိုက ထုတ်ပြန်ခဲ့

Last Updated:

အမေရိကန်နိုင်ငံသားများ၏ ဝင်ငွေသည် ၂၀၂၃ ခုနှစ်တွင် မြင့်တက်ခဲ့သည်ဟု အမေရိကန် သန်း ခေါင်စာရင်းဗျူရို (U.S. Census Bureau) က ထုတ်ပြန်ခဲ့ကြောင်း Wall Street Journal အွန်လိုင်း သတင်း၌ ၁၀-၉-၂၀၂၄ ရက်တွင် “U.S. Income Climbed Last Year, Census Bureau Says” ခေါင်းစဉ်ဖြင့် ဖော်ပြထားပါသည်။

အမေရိကန်သန်းခေါင်စာရင်းဗျူရို၏ ထုတ်ပြန်ချက်အရ အလုပ်သမားဈေးကွက် တိုးတက်လာခဲ့ပြီး မကြာသေးမီကာလတွင် အနည်းငယ်ကျဆင်းခဲ့ကြောင်း၊ ငွေကြေးဖောင်းပွမှုနှုန်းသည် ၂၀၂၂ ခုနှစ် တွင် နှစ်ပေါင်း (၄၀) အတွင်း အမြင့်ဆုံးသို့ရောက်ရှိခဲ့ပြီးနောက် ၂၀၂၃ ခုနှစ်တွင် ကျဆင်းခဲ့ကြောင်း၊ ၂၀၂၃ ခုနှစ် မိသားစုများ၏ဝင်ငွေသည် ငွေကြေးဖောင်းပွမှုနှုန်းကို ချိန်ညှိတွက်ချက်ပြီးနောက် အမေရိကန်ဒေါ်လာ (၈၀,၆၁၀) ရှိပြီး ၂၀၂၂ ခုနှစ်တွင် အမေရိကန်ဒေါ်လာ (၇၇, ၅၄၀) ရှိသဖြင့် ဝင်ငွေတိုးလာခဲ့ကြောင်း၊ ဤသို့ဝင်ငွေတိုးလာခြင်းသည် ကိုဗစ်-၁၉ ကူးစက် ရောဂါကာလနောက်ပိုင်း ကုန်ထုတ်လုပ်မှုထောက်ပံ့ရေးကွင်းဆက် (Supply Chain) ပျက်စီးခဲ့ပြီးနောက်တွင်  တိုးတက်လာခြင်းဖြစ်ကြောင်းသိရှိရပါသည်။

အမေရိကန်နိုင်ငံ၏ သန်းခေါင်စာရင်းအစီရင်ခံစာသည် အမေရိကန်နိုင်ငံသားများ၏ ဝင်ငွေကို သိရှိနိုင်သည့် အရေးပါသောတိုင်းတာမှုအစီရင်ခံစာတစ်စောင်ဖြစ်ကြောင်း၊ ယင်းအစီရင်ခံစာကို ၂၀၂၄ ခုနှစ်၊ မတ်လတွင်ကောက်ယူခဲ့ပြီး ၂၀၂၃ ခုနှစ်အတွင်းရှိ ဝင်ငွေရင်းမြစ်များစွာကို မှီငြမ်းလေ့လာထား ခြင်းဖြစ်ကြောင်း၊ လူဖြူမိသားစုများ၏  ပျမ်းမျှတစ်နှစ်ဝင်ငွေသည် အမေရိကန်ဒေါ်လာ (၈၉,၀၅၀) ရှိပြီး ၂၀၂၂ ခုနှစ်၊ ဝင်ငွေနှင့်နှိုင်းယှဉ်ပါက (၅.၇) ရာခိုင်နှုန်းတိုးလာခဲ့ကြောင်း၊ Hispanic  မိသားစုများ၏ ပျမ်းမျှဝင်ငွေမှာ အမေရိကန်ဒေါ်လာ (၆၅,၅၄၀) နှင့် လူမည်းမိသားစုများ၏ပျမ်းမျှဝင်ငွေသည်  အမေရိကန်ဒေါ်လာ (၅၆,၄၉၀) အသီးသီးရှိပြီး သိသာစွာတိုးတက်မှုမရှိသော်လည်း အာရှနွယ်ဖွား မိသားစုများ၏ဝင်ငွေသည် အမေရိကန်ဒေါ်လာ (၁၁၂,၈၀၀) ရှိသဖြင့် ပျမ်းမျှတစ်နှစ်ဝင်ငွေ အမြင့်ဆုံးဖြစ်ကြောင်း သိရှိရပါသည်။

အမေရိကန်နိုင်ငံ၊ အရှေ့မြောက်ပိုင်းဒေသရှိ မိသားစုများ၏ ပျမ်းမျှဝင်ငွေသည် (၃.၂) ရာခိုင်နှုန်း၊ အနောက်အလယ်ပိုင်းဒေသရှိ မိသားစုများ၏ဝင်ငွေသည် (၆.၆) ရာခိုင်နှုန်း၊ တောင်ပိုင်းဒေသရှိ မိသားစု များ၏ ဝင်ငွေသည် (၃.၃) ရာခိုင်နှုန်း နှင့် အနောက်ပိုင်းဒေသတွင် (၂.၄) ရာခိုင်နှုန်းအသီးသီး တိုးတက်ခဲ့ ပါသည်။ ၂၀၂၃ ခုနှစ်၊ အမေရိကန်နိုင်ငံ၏ ဆင်းရဲနွမ်းပါးမှုနှုန်းမှာ (၁၁.၁) ရာခိုင်နှုန်းရှိသဖြင့် ၂၀၂၂ ခုနှစ် နှင့် နှိုင်းယှဉ်ပါက (၀.၄) ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း၊ ထို့ ကြောင့် ဆင်းရဲနွမ်းပါးမှုနှုန်း ဝင်ငွေသတ်မှတ်ချက် အောက်သို့ရောက်ရှိနေသည့် လူဦးရေသည် (၃၆.၈) သန်းရှိသည်ဟု သန်းခေါင်စာရင်းဗျူရို၏ အချက်အလက်များအရ သိရှိရကြောင်း၊ မိသား စုဝင်(၄)ဦးရှိသည့် အိမ်ထောင်စုတစ်စု၏ တစ်နှစ်ဝင်ငွေ သည် အမေရိကန်ဒေါ်လာ (၃၁,၂၀၀) ရှိပါက ဆင်းရဲနွမ်းပါးမှုသည့်မိသားစုဟု ၂၀၂၃ ခုနှစ်တွင် သတ်မှတ်ခဲ့ကြောင်း သိရှိရပါသည်။

၂၀၂၃ ခုနှစ်တွင် ကျန်းမာရေးအာမခံရှိသည့် အမေရိကန်နိုင်ငံသားများ၏အချိုးသည် (၉၂) ရာခိုင်နှုန်းရှိရာ ၂၀၂၂ ခုနှစ်နှင့် နှိုင်းယှဉ်ပါက ပြောင်းလဲမှုမရှိသည်ကို တွေ့ရကြောင်း၊ ၂၀၂၃ ခုနှစ်တွင် အမေရိကန်နိုင်ငံသား (၂၆.၄) သန်းသည် ကျန်းမာရေးအာမခံမရှိသူများဖြစ်ကြကြောင်း၊ အချိန်ပြည့် အလုပ်ကို အမျိုးသမီးနှင့် အမျိုးသားများ တန်းတူလုပ်ကိုင်ကြသော်လည်း ၎င်းတို့၏ ဝင်ငွေရရှိမှုသည် ညီမျှမှုမရှိကြောင်း၊ အမျိုးသားများ၏ ဝင်ငွေရရှိမှုသည် (၃) ရာခိုင်နှုန်းတိုးလာသော်လည်း အမျိုးသမီးများမှာ (၁.၅) ရာခိုင်နှုန်းသာရရှိကြောင်း သိရှိရပါသည်။

သန်းခေါင်စာရင်းဗျူရို၏ အစီရင်ခံစာနှင့်ပတ်သက်၍ သမ္မတဂျိုးဘိုင်ဒင်၏ထုတ်ပြန်ချက်တွင် ၎င်း၏အစိုးရတာဝန်ယူသည့်အချိန်မှစ၍ ဝင်ငွေများတိုးလာခဲ့ပြီး ၂၀၂၃ ခုနှစ်တွင် လူလတ်တန်းစား မိသားစုများ၏ဝင်ငွေသည် အမေရိကန်ဒေါ်လာ (၃,၀၀၀) အထိ တိုးလာခဲ့ကြောင်း ဖော်ပြထားသည်ကို သိရှိရပါသည်။

သံရုံးယာယီတာဝန်ခံ(ကိုယ်စား)

(ခင်ဆွေဦး၊ စီးပွားရေးသံမှူး)

 

 

 

 

 

 

Category: International News