International News

CAFTA ကို အဆင့်မြှင့်တင်ခြင်းဖြင့် ဒေသတွင်းပူးပေါင်းဆောင်ရွက်မှုကို ပိုမိုမြှင့်တင်မည်

Last Updated:

တရုတ်-အာဆီယံ လွတ်လပ်သော ကုန်သွယ်မှုဒေသ၏ version 3.0 ကို အကောင်အထည် ဖော်ခြင်းသည် အားလုံးပိုမိုပါဝင်နိုင်ကာ ရေရှည်တည်တံ့သော ဒေသတွင်းစီးပွားရေးကို မြှင့်တင် ပေးမည်ဖြစ်ပြီး တရုတ်နှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား ထောက်ပံ့ရေးကွင်းဆက် ချိတ်ဆက်မှုနှင့် ခံနိုင်ရည်အားကို ပိုမိုအားကောင်းစေမည်ဖြစ်ကြောင်း အစိုးရတာဝန်ရှိသူများနှင့် စီးပွားရေးအမှုဆောင်အရာရှိများက ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

တရုတ်နှင့် အာဆီယံနိုင်ငံများသည် CAFTA version 3.0 အဆင့်မြှင့်တင်ရေး စေ့စပ်ညှိနှိုင်း မှု၏ အဆုံးအဖြတ်များကို ကြေညာခဲ့ပြီး လာအိုနိုင်ငံ၊ ဗီယန်ကျင်းမြို့၌ ပူးတွဲကြေညာချက်ကို (၁၀-၁၀-၂၀၂၄) ရက်နေ့တွင် ထုတ်ပြန်ခဲ့ကြောင်း သိရှိရပါသည်။

အဆိုပါ ထုတ်ပြန်ချက်တွင် တရုတ်-အာဆီယံ FTA သဘောတူညီချက်၏ ရှိရင်းစွဲ နယ်ပယ် များအပြင် ဒစ်ဂျစ်တယ်စီးပွားရေး၊ ပတ်ဝန်းကျင်ထိခိုက်မှုမရှိသောအစိမ်းရောင်စီးပွားရေးနှင့် ထောက်ပံ့ရေးကွင်းဆက် အပြန်အလှန်ချိတ်ဆက်မှု အပါအဝင် ပူးပေါင်းဆောင်ရွက်မှု အလား အလာများစွာရှိသည့် ထွန်းသစ်စနယ်ပယ်များပါ အကျုံးဝင်ကြောင်း တရုတ်နိုင်ငံ၊ ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာနက အဆိုပါနေ့တွင် အွန်လိုင်းထုတ်ပြန်ချက်၌ ဖော်ပြထားကြောင်း သိရှိရပါသည်။

ကမ္ဘာ့ပထဝီဝင်နိုင်ငံရေးနှင့် ယှဉ်ပြိုင်မှုများကြောင့် စိန်ခေါ်မှုများ ရှိနေသော်လည်း ယခုကဲ့သို့အဆင့်မြှင့်တင်ထားသော လွတ်လပ်သောကုန်သွယ်မှုသဘောတူညီချက်ကို အကောင် အထည်ဖော်ခြင်းသည် ဒေသတွင်းစီးပွားရေးတိုးတက်မှုအတွက် ယုံကြည်မှုတိုးစေမည်ဖြစ်ပြီး လွတ်လပ်သောကုန်သွယ်မှုနှင့် ဘက်စုံပူးပေါင်းဆောင်ရွက်မှုအတွက် အရေးပါသော တွန်းအား တစ်ခုဖြစ်စေမည်ဖြစ်ကြောင်း နိုင်ငံတကာကုန်သွယ်ရေးနှင့် စီးပွားရေးရေးရာဦးစီးဌာန၏ ဒုတိယညွှန်ကြားရေးမှူး Chen Zhiyang က ပြောကြားခဲ့သည်ဟု သိရှိရပါသည်။

အာဆီယံနိုင်ငံများ၏ စက်မှုလုပ်ငန်းစွမ်းရည်များ တိုးတက်စေရန်၊ ၎င်းတို့၏ ဒစ်ဂျစ်တယ် စီးပွားရေးကို ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဆန်းသစ်တီထွင်မှုကို လှုံ့ဆော်ပေးရန်အတွက် CAFTA 3.0 တွင် နည်းပညာနှင့် ပညာရေးကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုများ ပါဝင်ကြောင်း Tianjin University of Finance and Economics မှ ဒေသတွင်း စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အထူးပြုပါမောက္ခ Liu Enzhuan က ပြောကြားခဲ့သည်ဟု သိရှိရပါသည်။

တရုတ်နိုင်ငံနှင့် အာဆီယံနှစ်ဘက်စလုံးသည် ၂၀၂၅ ခုနှစ်တွင် CAFTA version 3.0 အဆင့်မြှင့်တင်ရေး အခြေပြစာချုပ်ကို လက်မှတ်ရေးထိုးရာတွင် လွယ်ကူချောမွေ့စေရေးအတွက် ဥပဒေပိုင်းအရပြန်လည်သုံးသပ်မှုများနှင့် ပြည်တွင်းလုပ်ထုံးလုပ်နည်းများကို အရှိန်မြှင့်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ပြောကြားခဲ့သည်ဟု သိရှိရပါသည်။

Belt and Road ပူးပေါင်းဆောင်ရွက်ခြင်း၊ တစ်ဝက်တစ်ပျက်ကုန်ချောကုန်သွယ်မှုနှင့် စားသုံးမှုအဆင့်မြှင့်တင်ခြင်းစသည့် အချက်များကြောင့် တရုတ်နိုင်ငံသည် အာဆီယံ၏ အကြီးဆုံး ကုန်သွယ်ဖက်အဖြစ် (၁၅)နှစ်ဆက်တိုက်ရပ်တည်ခဲ့ပြီး အာဆီယံသည် တရုတ်နိုင်ငံ၏ အကြီးဆုံး ကုန်သွယ်ဖက်အဖြစ် (၄)နှစ်ဆက်တိုက် ရပ်တည်ခဲ့ကြောင်း သိရှိရပါသည်။

၂၀၂၄ ခုနှစ်၊ ပထမရှစ်လအတွင်း တရုတ်-အာဆီယံ ကုန်သွယ်မှုပမာဏသည် ယွမ် (၄.၅)ထရီလီယံ (အမေရိကန်ဒေါ်လာ ၆၃၆ ဘီလီယံ) ရှိ၍ (၁၀) ရာခိုင်နှုန်း တိုးလာပြီး တရုတ် နိုင်ငံ၏ စုစုပေါင်းနိုင်ငံခြားကုန်သွယ်မှုတန်ဖိုး၏ (၁၅.၇)ရာခိုင်နှုန်းရှိကြောင်း အကောက်ခွန် အထွေထွေအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့၏ စာရင်းဇယားများအရ သိရှိရပါသည်။

တရုတ်ကုမ္ပဏီများသည် ပြည်ပဈေးကွက်များသို့ အရှိန်အဟုန်ဖြင့် ချဲ့ထွင်လာကြရာ အာဆီယံဒေသသည် တရုတ်နှင့် နီးကပ်မှု၊ ယဉ်ကျေးမှုဆိုင်ရာ တူညီမှုများနှင့် ၎င်းတို့၏ ထုတ်လုပ်မှုအတွက် အားဖြည့်ပေးနိုင်သည့် အရင်းအမြစ်များရှိခြင်းတို့ကြောင့် တရုတ်စီးပွားရေး လုပ်ငန်းများ၏ ကမ္ဘာလုံးဆိုင်ရာ မဟာဗျူဟာများအတွက် အချက်အချာကျသောနေရာသစ် တစ်ခုဖြစ်လာခဲ့ကြောင်း စင်္ကာပူအခြေစိုက် CrimsonLogic Pte Ltd ၏ အရှေ့မြောက်၊ အလယ် ပိုင်းနှင့် အရှေ့တောင်အာရှ၏ ဒုတိယဥက္ကဋ္ဌ Ng Chee Keong က ပြောကြားခဲ့သည်ဟု သိရှိရ ပါသည်။

အရှေ့တောင်အာရှတစ်ဝန်း၌ တရုတ်ကုမ္ပဏီများအနေဖြင့် နည်းပညာ၊ ထုတ်ကုန်ဆန်း သစ်တီထွင်မှုနှင့် အမှတ်တံဆိပ်ဖွံ့ဖြိုးတိုးတက်မှု အပါအဝင် နယ်ပယ်အသီးသီးတွင် ၎င်းတို့၏ ခိုင်မာသောစွမ်းရည်များကို ပြသနေကြောင်း ကုမ္ပဏီ၏ တရုတ်နိုင်ငံဆိုင်ရာ အထွေထွေမန်နေဂျာ ဖြစ်သူ Ng က ပြောကြားခဲ့သည်ဟု သိရှိရပါသည်။

၎င်းတို့၏ ကမ္ဘာလုံးဆိုင်ရာ ချဲ့ထွင်မှုသည် ဒေသတွင်းစီးပွားရေးပေါင်းစည်းမှုကို အရှိန်မြှင့် တင်ပေးရုံသာမက ကမ္ဘာ့စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုအတွက် လန်းဆန်းတက်ကြွမှုနှင့် အကောင်းမြင်မှုကိုပါ ယူဆောင်လာပေးကြောင်း ၎င်းက ပြောကြားခဲ့သည်ဟု သိရှိရပါသည်။

အာဆီယံဈေးကွက်များကို ၎င်းတို့၏ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးမဟာဗျူဟာအတွက် အရေးပါသည်ဟု ရှုမြင်ပြီး တရုတ်လျှပ်စစ်ကားထုတ်လုပ်သူ Avatr သည် စက်တင်ဘာလတွင် ထိုင်းနိုင်ငံဈေးကွက်သို့ ဝင်ရောက်ခဲ့ကြောင်း၊ ထိုင်းနိုင်ငံကို အရှေ့တောင်အာရှတွင် ကုမ္ပဏီ၏ စီးပွားရေးတိုးတက်မှုအတွက် မဟာဗျူဟာမြောက်ဈေးကွက်တစ်ခုအနေဖြင့် တည်ထောင်ရန် ရည်မှန်းထားသည်ဟု ကုမ္ပဏီ၏ ဥက္ကဋ္ဌ Chen Zhuo က ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

၂၀၂၃ ခုနှစ်တွင် တရုတ်နိုင်ငံ၏ ပြင်ပတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု၏ (၈၀)ရာခိုင်နှုန်းနီးပါး သည် အာရှသို့ စီးဝင်လာခဲ့ပြီး ယခင်နှစ်နှင့် နှိုင်းယှဉ်ပါက (၁၃.၉) ရာခိုင်နှုန်း တိုးလာခဲ့ကြောင်း၊ ယင်းတို့အနက် အာဆီယံတွင် တရုတ်ကုမ္ပဏီများ၏ ရင်းနှီးမြှုပ်နှံမှုသည် အမေရိကန်ဒေါ်လာ (၂၅.၂)ဘီလီယံရှိပြီး နှစ်စဉ် (၃၄.၇)ရာခိုင်နှုန်း တိုးလာကြောင်း ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာန၏ အချက်အလက်များအရ သိရှိရပါသည်။

တရုတ်နိုင်ငံအနေဖြင့် China-ASEAN FTA version 3.0 အဆင့်မြှင့်တင်ခြင်းမှတစ်ဆင့် ၎င်း၏ အကြီးဆုံးကုန်သွယ်ဖက်ဖြစ်သည့် အာဆီယံနိုင်ငံများနှင့် ကုန်သွယ်မှုကို အရှိန်မြှင့်တင် နိုင်ရန်၊ ဒေသတွင်းစီးပွားရေးပေါင်းစည်းမှုကို ပိုမိုမြှင့်တင်နိုင်ရန်နှင့် အာဆီယံဈေးကွက်သို့ တရုတ်စီးပွားရေးကွန်ရက်ကို ချဲ့ထွင်နိုင်ရန် အလေးထားဆောင်ရွက်လျက်ရှိကြောင်း သုံးသပ် တွေ့ရှိရပါသည်။

Source: https://www.chinadaily.com.cn/a/202410/12/WS6709c013a310f1265a1c7298.html

(စီးပွားရေးသံမှူး၊ နန်နင်းမြို့)

Category: International News