International News

ဒေသတွင်း ဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ်တွင် ပါဝင်နိုင်ရေးအတွက် ဟောင်ကောင်ဒေသ ကြိုးပမ်းဆောင်ရွက်

Last Updated:

ဟောင်ကောင်ဒေသအနေဖြင့် ဒေသတွင်း ဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ် (RCEP) တွင် ပါဝင်နိုင်ရေးအတွက် တက်တက်ကြွကြွကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်းနှင့်  RCEP တွင် အဖွဲ့ဝင်ဖြစ်လာခြင်းဖြင့် ဒေသတွင်း စီးပွားရေးတိုးတက်မှုအတွက် ပါဝင်ဆောင်ရွက်သွားနိုင်မည်ဖြစ်ကြောင်း  ဟောင်ကောင်ဒေသ အုပ်ချုပ်ရေးမှူးချုပ် John Lee က တရုတ်ကုန်သည်ကြီးများအသင်း အစည်းအဝေး၌ မိန့်ခွန်းပြောကြားစဉ်ထည့်သွင်း ပြောကြားခဲ့သည်ဟု သတင်းဌာနမှ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၁၀ ရက်နေ့တွင် “Hong Kong actively looking to join RCEP: CE” ခေါင်းစဉ်ဖြင့်ရေးသားဖော်ပြထားပါသည်။

ဟောင်ကောင်ဒေသအနေဖြင့် RCEP ဒေသမှ စီးပွားရေးလုပ်ငန်းများအတွက် ထောက်ပံ့ပို့ဆောင်ရေးကွင်းဆက် စီမံခန့်ခွဲမှုဆိုင်ရာ ဝန်ဆောင်မှုများ၊ ငွေရေးကြေးရေးနှင့် ပညာရပ်ဆိုင်ရာ ဝန်ဆောင်မှုများအပါအဝင် အရည်အသွေးမြင့် ဝန်ဆောင်မှုများပေးစွမ်းနိုင်မည် ဖြစ်သည်ဟု ပြောကြားခဲ့ကြောင်း၊ ထို့ပြင် မဟာပင်လယ်ကွေ့ဒေသမှ အခွင့်အလမ်းများ ရရှိနိုင်ရေးအတွက် လည်း ဟောင်ကောင်ဒေသမှ ချိတ်ဆက်ပေးသွားနိုင်ပြီး RCEP အဖွဲ့ဝင်နိုင်ငံများနှင့် ဒေသတွင်း စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှင့် ဆန်းသစ်တီထွင်မှုတို့ကို မြှင့်တင်နိုင်မည်ဖြစ်သည်ဟု ပြောကြား ခဲ့ကြောင်း ရေးသားဖော်ပြထားပါသည်။

 

 

ဟောင်ကောင်ဒေသအစိုးရအနေဖြင့် အာဆီယံနိုင်ငံများနှင့် အရှေ့အလယ်ပိုင်းဒေသသို့ ခရီးစဉ်သွားရောက်၍ RCEP အဖွဲ့ဝင်နိုင်ငံများ၏ ထောက်ခံမှုရရှိရေး လုပ်ဆောင်ခဲ့ကြောင်း၊ ထို့ပြင် တရုတ်ပြည်မမှ ကုမ္ပဏီများ ကမ္ဘာ့ဈေးကွက်သို့ သွားရောက်နိုင်ရန် နှင့် နိုင်ငံတကာမှ လုပ်ငန်းများ တရုတ် ဈေးကွက်သို့ ထိုးဖောက်ဝင်ရောက်နိုင်ရန်အတွက် ဟောင်ကောင်ဒေသသည် လုံခြုံ စိတ်ချရပြီး အဆင်ပြေသည့် စီးပွားရေးဝန်းကျင်တစ်ရပ်အဖြစ် ရပ်တည်ဆောင်ရွက်ပေးမည် ဖြစ်သည်ဟု ပြောကြားခဲ့ကြောင်း စသည်ဖြင့်ရေးသားဖော်ပြထားပါသည်။

စီးပွားရေးသံမှူး၊ ဟောင်ကောင်မြို့

Category: International News