Local News

လပွတ္တာမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဇွန်လအတွင်း ပုစွန်အစုံပိဿာချိန် ၈၅၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့

Last Updated:

ဧရာဝတီတိုင်းဒေသကြီး လပွတ္တာခရိုင် လပွတ္တာမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဇွန်လအတွင်း ပုစွန်အစုံပိဿာချိန် ၈၅၀၀၀ ထိ တင်ပို့ရောင်းချခဲ့ရကြောင်း လပွတ္တာမြို့နယ် ရေထွက်ကုန်ပစ္စည်းများ ရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်သိန်းမြင့်က ပြောပြ၍ သိရသည်။

လပွတ္တာမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ မေလအတွင်းက ပုစွန်အစုံပိဿာချိန် ၇၀၀၀၀ ထိသာ တင်ပို့ရောင်းချနိုင်ခဲ့ပြီး ဇွန်လ ၁ ရက်နေ့မှ ၃၀ ရက်နေ့ထိ ပုစွန်အစုံပိဿာချိန် ၈၅၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း၊ အဆိုပါဒေသမှ ရေထွက်ကုန်ပစ္စည်းရောင်းဝယ်ရေးပွဲရုံပိုင်ရှင်များသည် ဒေသမှထွက်ရှိသည့် ပုစွန်များဝယ်ယူကာ စနစ်တကျသန့်စင်ပြီး ရန်ကုန်ဈေးကွက်သို့ တင်ပို့ရောင်းချလျက်ရှိကြောင်း သိရသည်။

“လပွတ္တာမြို့နယ်ကနေ ရေထွက်ကုန်တွေကို ရန်ကုန်ဈေးကွက်ကို တင်ပို့ရောင်းချနေပါတယ်။ ပြီးခဲ့တဲ့ ဇွန်လအတွင်း ပုစွန်အစုံပိဿာချိန် ၈၅၀၀၀ ထိ တင်ပို့ရောင်းချခဲ့ရပါတယ်။ ပုစွန်အပါအဝင် ‌ရေထွက်ကုန်တွေ တင်ပို့ရောင်းချနေရတာကြောင့် ရေထွက်ပစ္စည်းတွေ တင်ပို့ရောင်းချတဲ့လုပ်ငန်းလုပ်ကိုင်သူတွေလဲ အလုပ်အကိုင်အခွင့်အလမ်း ကောင်းလာပါတယ်။ ဒေသကနေ ရေထွက်ကုန်တွေကို ကုန်တင်ကားတွေနဲ့အများဆုံးတင်ပို့ရောင်းချခဲ့ရပါတယ်။ တင်ပို့ရောင်းချရတာလဲ အခက်အခဲမရှိပါဘူး” ဟု လပွတ္တာမြို့နယ်ရေထွက်ကုန်ပစ္စည်းများ ရောင်းဝယ်ရေးပိုင်ရှင် ဒေါ်သိန်းမြင့်က ပြောပြသည်။

လပွတ္တာမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ တင်ပို့ရောင်းချခဲ့သည့်ပုစွန်များ၏ တစ်ပိဿာဈေးနှုန်းသည် ပုစွန်ဘော့ချိတ်ငွေကျပ် ၁၇၅၀၀ မှ ၁၉၅၀၀၊ ပုစွန်ဆိတ်သေး ငွေကျပ် ၁၆၅၀၀ မှ ၁၈၅၀၀၊ ပုစွန်ဆိတ်ကြီး ငွေကျပ် ၁၆၅၀၀ မှ ၁၇၅၀၀၊ ပုစွန်တုပ် ငွေကျပ် ၃၀၅၀၀ မှ ၃၂၀၀၀ စသည်ဖြင့် လတ်ဆတ်မှုအပေါ်မူတည်ပြီး ဈေးအနိမ့်အမြင့် လည်းရှိကြောင်း သိရသည်။

Source: ရတနာပုံသတင်းစာ

Category: Local News