International News

အမေရိကန်နိုင်ငံ၏ Sovereign Wealth Fund (SWF) ခေါ် နိုင်ငံတော်ရန်ပုံငွေထူထောင်ရန် ဆောင်ရွက်လျက်ရှိ

Last Updated:

  အမေရိကန်သမ္မတက Sovereign Wealth Fund (SWF) ခေါ် နိုင်ငံတော်ရန်ပုံငွေ တစ်ရပ် ထူထောင်သွားမည်ဖြစ်ကြောင်းသိရှိရပါသည်။

အမေရိကန်သမ္မတက  နိုင်ငံတော်ရန်ပုံငွေထူထောင်မည့်အစီအစဉ် (A Plan for Establishing A United States Sovereign Wealth Fund) ခေါင်းစဉ်ဖြင့် သမ္မတအမိန့် (Executive Order) ကို ၃-၂-၂၀၂၅ ရက်တွင်ထုတ်ပြန်ခဲ့ပြီးဖြစ်ရာ ယင်းအမိန့်အရ အမေရိကန် နိုင်ငံ၏ ကြွယ်ဝချမ်းသာမှုသည် အမေရိကန် နိုင်ငံသားများအတွက်သာဖြစ်ပြီး အဆိုပါ ရန်ပုံငွေ တည်ထောင်ရန် ကြိုးပမ်းခြင်းသည် ဘဏ္ဍာရေး တည်ငြိမ်မှုရှိစေရန်၊ အမေရိကန်မျိုးဆက်သစ် များအတွက် စီးပွားရေးအရလုံခြုံမှုရှိစေရန်၊ နိုင်ငံတကာ အခင်းအကျင်းတွင် အမေရိကန်နိုင်ငံ၏ စီးပွားရေးနှင့် မဟာဗျူဟာအရဦးဆောင်မှုကို မြှင့်တင်နိုင်ရန် ရည်ရွယ်၍ ဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရှိရပါသည်။

 အမေရိကန်သမ္မတသည် နော်ဝေ၊ စင်ကာပူနှင့် ပင်လယ်ကွေ့နိုင်ငံများ (Gulf States) အပေါ် အတုယူလျက် အမေရိကန်နိုင်ငံ၏ SWF ရန်ပုံငွေကို ထူထောင်ခြင်းဖြစ်သည်ဟု ဘဏ္ဍာ ရေးဆိုင်ရာ လေ့လာသူများက သုံးသပ်ကြပြီး အမေရိကန်နိုင်ငံသည် ယင်းရန်ပုံငွေတွင် ရင်းနှီး မြှုပ်နှံရန်အတွက် အစိုးရ၏အခွန်ရငွေမှာ ပိုလျှံမှုမရှိကြောင်း၊ အမေရိကန်နိုင်ငံသည် လက်ရှိ တွင် အမေရိကန်ဒေါ်လာ ထရီလီယံ (၈၀)အထိ အကြွေးတင်ရှိနေကြောင်း၊  SWF ရန်ပုံငွေသည် အစိုးရအပေါ် အကြွေးသာ ပို၍ နစ်မြုပ်လာနိုင်ကြောင်း၊ သမ္မတဒေါ်နယ်ထရမ့်၏ ပထမအကြိမ်သမ္မတသက်တမ်းတွင် နိုင်ငံခြား ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှုကော်ပိုရေးရှင်း (Overseas Private Investment Corporation, OPIC)ကို အမေရိကန် အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုး တိုးတက်မှု ဘဏ္ဍာရေးကော်ပိုရေးရှင်း (U.S. International Development Finance Corporation, DFC)အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့ပြီး DFC အဖွဲ့သည်  အဆိုပါ ရန်ပုံငွေကိုလွဲမှားစွာ အသုံးပြုခြင်း၏သာဓကဖြစ်သည်ဟု သမ္မတ၏ လုပ်ဆောင်ချက်အပေါ် ဆန့်ကျင်သူများက ထောက်ပြကြကြောင်း၊ DFC အဖွဲ့သည် အမေရိကန်နိုင်ငံခြားရေးမူဝါဒကို အထောက်အကူ ပြုရန်နှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန် မြှင့်တင်လျက်ရှိသည်ဟုဆိုသော်လည်း DFC အဖွဲ့၏ အကူအညီ ခံစားခွင့်ရှိသည့်နိုင်ငံများသည် အမေရိကန်နိုင်ငံမှပံ့ပိုးသည့်အကူအညီများဖြင့် သက်ဆိုင်ရာနိုင်ငံများသို့သာ ရင်းနှီးမြှုပ်နှံမှုများ ပိုမိုစီးဝင်သွားရန် ဆောင်ရွက်ခဲ့သည့် အနေ အထားဖြစ်ပေါ်ခဲ့ကြောင်း၊ ထို့ကြောင့် SWF ရန်ပုံငွေသည်လည်း DFC အဖွဲ့ကဲ့သို့ ဖြစ်လာနိုင် ဖွယ်ရှိသည်ဟု ဖော်ပြထားကြောင်း သိရှိရပါသည်။

စီးပွားရေးသံမှူး၊ ဝါရှင်တန်ဒီစီ

Category: International News