အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က မော်တော်ယာဉ်၊ ဆေးဝါး၊ တစ်ပိုင်းလျှပ်ကူး ပစ္စည်း (Semiconductors) နှင့် Chips ထုတ်လုပ်မှုကဏ္ဍအပေါ် သွင်းကုန်ခွန် (၂၅) ရာခိုင်နှုန်း ကောက်ခံရန် စဉ်းစားလျက်ရှိသည်ဟု ၁၈-၂-၂၀၂၅ ရက်တွင် ပြောကြားခဲ့ကြောင်း၊ ယင်းသို့ ကောက်ခံခြင်းမပြုမီ အဆိုပါကဏ္ဍရှိ စက်မှုလုပ်ငန်းများကို အမေရိကန်နိုင်ငံသို့ ရွှေ့ပြောင်းနိုင်ရေး ကူးပြောင်းချိန်ကာလ သတ်မှတ်ပေးနိုင်ကြောင်း၊ သွင်းကုန်ခွန် စတင် သတ်မှတ်ချိန် တွင် (၂၅) ရာခိုင်နှုန်းခန့်ရှိမည်ဖြစ်ပြီး အချိန်ကာလကြာမြင့်သည်နှင့်အမျှ တိုးသွားမည်ဖြစ်ရာ ယင်းသို့သတ်မှတ်ခြင်းသည် အဆိုပါကဏ္ဍရှိ စက်မှုလုပ်ငန်းများ အမေရိကန်နိုင်ငံသို့ ပြန်လာရန် အချိန်သတ်မှတ်ပေးခြင်းဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့ပါသည်။ ယင်းကဏ္ဍများ အပေါ် သွင်းကုန်ခွန်ကောက်ခံမှုကို ကုန်သွယ်ရေးမူဝါဒသုံးသပ်မှု ပြုလုပ်ပြီးနောက်ပိုင်း ဧပြီလ ၁ ရက်တွင် သတ်မှတ်နိုင်ဖွယ်ရှိကြောင်း သိရှိရပါသည်။
မော်တော်ယာဉ်ကဏ္ဍအပေါ် သွင်းကုန်ခွန်ကောက်ခံမှုတွင် အမေရိကန်-မက္ကဆီကို-ကနေဒါ ကုန်သွယ်ရေးသဘောတူစာချုပ် (U.S. – Mexico – Canada Agreement, USMCA) အရ ကင်းလွတ်ခွင့်ပြုထားသည့် မော်တော်ယာဉ်များ ပါဝင်မှုရှိ/မရှိကို မသိရှိရသေး သော်လည်း ၁-၂-၂၀၂၅ ရက်၌ ကနေဒါနှင့် မက္ကဆီကိုနိုင်ငံများအပေါ် သွင်းကုန်ခွန် ကောက်ခံ ရန် ချမှတ်ခဲ့စဉ် အမေရိကန်မော်တော် ယာဉ်လုပ်ငန်းများအတွက် သွင်းကုန်ခွန် ကင်းလွတ်ခွင့် ပြုရေးစဉ်းစားသွားမည်ဟု သမ္မတဒေါ်နယ်ထရမ့်က ပြောကြားခဲ့ပါသည်။
အမေရိကန်အစိုးရသည် နိုင်ငံ၏အမျိုးသားလုံခြုံရေးအတွက် အရေးပါသည့် ကဏ္ဍများနှင့် မော်တော်ယာဉ်၊ ဆေးဝါး၊ တစ်ပိုင်းလျှပ်ကူး ပစ္စည်း (Semiconductors) နှင့် Chips ကဏ္ဍရှိ သွင်းကုန် များအပေါ် သွင်းကုန်ခွန်စည်းကြပ်ရန် ယခင်ကပင် ပြောကြားခဲ့သော်လည်း မည်သည့်ရာခိုင်နှုန်းအထိ သတ်မှတ်ကောက်ခံမည်ကို ပြောကြားခဲ့ခြင်းမရှိကြောင်း၊ သမ္မတ ဒေါ်နယ်ထရမ့်က ၎င်းသတ်မှတ်သည့် သွင်းကုန်ခွန်လျှော့ချရန် နိုင်ငံများက ညှိနှိုင်းဆွေးနွေးနိုင်သည်ဟု ပြောကြားခဲ့ပြီး ၎င်းက ဥရောပသမဂ္ဂသည် မော်တော်ယာဉ်သွင်းကုန်ခွန်ကို လျှော့ချရန် သဘောတူညီပြီးဖြစ်သည်ဟု ပြောကြားချက်အပေါ် ဥရောပသမဂ္ဂက ငြင်းဆိုထားကြောင်းနှင့် ဥရောပသမဂ္ဂကုန်သွယ်ရေး ကော်မရှင်နာသည် ယခုရက်သတ္တပတ်အတွင်း အမေရိကန်နှင့် ဥရောပသမဂ္ဂတို့အကြား သွင်းကုန်ခွန်နှင့် အခြားကုန်သွယ်ရေးဆိုင်ရာ အငြင်းပွားမှုများကို ဆွေးနွေးရန် အမေရိကန်နိုင်ငံသို့ လာရောက်မည်ဖြစ်ကြောင်း သိရှိရပါသည်။
စီးပွားရေးသံမှူး၊ ဝါရှင်တန်ဒီစီ