International News

ဗီယက်နမ်နိုင်ငံမှ မိကျောင်းအသား၊ အေးခဲထားသော ဒူးရင်းနှင့် အုန်းသီးလတ်လတ်ဆတ်ဆတ်များကို တရုတ် နိုင်ငံသို့ တင်ပို့ရန် အတည်ပြုချက်ရရှိ

Last Updated:

ဗီယက်နမ်နိုင်ငံမှ အေးခဲထားသော ဒူးရင်း၊ အုန်းသီးနှင့် မိကျောင်းအသားများကို တရုတ်နိုင်ငံသို့တင်ပို့ရန် ခွင့်ပြုချက်ရရှိပြီးဖြစ်ကြောင်း စိုက်ပျိုးရေးနှင့်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဝန် ကြီးဌာန (MARD) က တနင်္လာနေ့တွင် ပြောကြားခဲ့သည်။ ဗီယက်နမ်နိုင်ငံသမ္မတ Lâm ၏ တရုတ်နိုင်ငံသို့ နိုင်ငံတော်ခရီးစဉ်အတွင်း ဗီယက်နမ်နိုင်ငံစိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနနှင့် တရုတ်နိုင်ငံအကောက်ခွန်ဦးစီးဌာနတို့သည် တရုတ်နိုင်ငံသို့တင်ပို့မည့် သဘောတူညီချက်အချို့ကို လက်မှတ်ရေးထိုးခဲ့ကြောင်း ဖော်ပြထားပါသည်။

အဆိုပါ သဘောတူညီချက်များကို လက်မှတ်ရေးထိုးခြင်းသည် နှစ်နိုင်ငံကြား လယ်ယာစိုက်ပျိုး ရေးဆိုင်ရာ ကုန်သွယ်မှုအတွက် အရေးပါသောမှတ် တိုင်ဖြစ်ပြီး ဗီယက်နမ်နိုင်ငံ၏ စိုက်ပျိုးရေးကဏ္ဍအတွက် အကျိုးကျေးဇူးများစွာ ရရှိစေမည်ဖြစ်ကြောင်း MARD မှ ပြောကြားခဲ့ပါသည်။

ဗီယက်နမ်နိုင်ငံမှ တရုတ်နိုင်ငံသို့ အေးခဲထားသော ဒူးရင်းတင်ပို့မှုသည် စိုက်ပျိုးရေးပို့ကုန်ဝင်ငွေ သိသိသာသာတိုးလာရန် အခွင့်အလမ်းများကိုဖွင့်ပေးမည်ဟု မျှော်လင့်ကြောင်း‌ ဖော်ပြထားပါသည်။

၂၀၂၃ ခုနှစ်တွင် ဗီယက်နမ်နိုင်ငံသည် အေးခဲဒူးရင်းတန်ချိန် ၅၀၀,၀၀၀ ခန့် တင်ပို့နိုင်ခဲ့ပြီး ကုန်သွယ်မှုပမာဏမှာ အမေရိကန်ဒေါ်လာ ၂.၃ ဘီလီယံရောက်ရှိကာ တရုတ်နိုင်ငံဈေးကွက် ၉၀ ရာခိုင်နှုန်းအထိ လွှမ်းမိုးထားခဲ့သည်။

MARD ၏ အဆိုအရ အေးခဲထားသော ဒူးရင်းသည်လတ်ဆတ်သော ဒူးရင်းနှင့်နှိုင်းယှဉ်ပါက တန်ဖိုးမြင့်သော ထုတ်ကုန်အသစ်ကို ကိုယ်စားပြုကြောင်း၊ အဆိုပါ စျေးကွက်ဖွင့်လှစ်ခြင်းသည် ထုတ်လုပ်မှုကွဲပြားအောင် ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ရာသီအလိုက်ရိတ်သိမ်းခြင်းဆိုင်ရာ ဖိအားများကို လျှော့ချရန်နှင့် ဒူးရင်းကဏ္ဍအတွင်း တန်ဖိုးပိုမိုတိုးလာစေရန် ရည်ရွယ်ပါကြောင်း ဖော်ပြထားပါသည်။

ဗီယက်နမ်နိုင်ငံ၏ အေးခဲထားသော ဒူးရင်းတင်ပို့မှုသည် ယခုနှစ်တွင် ဒေါ်လာ သန်း ၄၀၀ မှ ၅၀၀ အထိ ရရှိရန်မျှော်လင့်ထားပြီး ၂၀၂၅ ခုနှစ်တွင် ဒေါ် လာဘီလီယံချီတန်သော ပို့ကုန်လုပ်ငန်းအတွက် အဆင့်သတ်မှတ်ထားကြောင်း၊ လတ်ဆတ်သော အုန်းသီးများတင်ပို့မှုသည် လူပေါင်း ၁.၄ ဘီလီယံ စျေးကွက်သို့ဝင်ရောက်နိုင်မှုနှင့်အတူ ပို့ကုန်အလားအလာကိုလည်း မြင်တွေ့ရကြောင်း ဖော်ပြထားပါသည်။

ဗီယက်နမ်နိုင်ငံ စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနသည် တရုတ်နိုင်ငံ၏ မိကျောင်းများအတွက် ဈေးကွက်ဖွင့်လှစ်ခြင်းသည် အခွင့်အလမ်းကောင်းတစ်ခုအဖြစ်ရှုမြင်ပါကြောင်း၊ ၎င်းသည် စီးပွားရေးအတွက်သာမက ဗီယက်နမ်နိုင်ငံတွင် မိကျောင်းမွေးမြူရေးလုပ်ငန်းကို ရေရှည်တည်တံ့သောနည်းလမ်းဖြင့် ကြီးထွားလာစေကာ သဘာဝပတ်ဝန်းကျင်နှင့်တိရစ္ဆာန်များကိုပါ အကာအကွယ်ပေးမည်ဖြစ်ပါကြောင်း၊  စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ ဖြိုးတိုးတက်ရေးဝန်ကြီး Lê Minh Hoan က လက်မှတ်ရေးထိုးထားသော သဘောတူညီချက်များသည် အောင်မြင်သော ညှိနှိုင်းမှုရလဒ်ဖြစ်သည်ဟု ယုံကြည်ပါကြောင်း၊ အထူးသဖြင့် ဗီ ယက်နမ်နိုင်ငံ၏ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန် အထောက်အကူဖြစ်စေသည့် တရုတ်နိုင်ငံတွင် ထုတ်ကုန်သစ်များရောင်းချခြင်းဖြင့် စိုက်ပျိုးရေးပို့ကုန်များတင်ပို့မှု သိသိသာသာအား ကောင်းလာမည်ဟု ၎င်းက မျှော်လင့်ပါကြောင်း ပြောကြားခဲ့ပါသည်။

ဝန်ကြီးဌာနအနေဖြင့် ပို့ကုန်အဆင်ပြေချောမွေ့စေရန်အတွက် တရုတ်နိုင်ငံအကောက်ခွန်ဦးစီးဌာနနှင့် နီးနီးကပ်ကပ် လက်တွဲလုပ်ဆောင်မည်ဖြစ်ပြီး ဗီယက်နမ်စီးပွားရေးလုပ်ငန်းများအတွက် တရုတ်နိုင်ငံဈေးကွက်သို့အောင်မြင်စွာ ဝင်ရောက်နိုင်စေရန် ပံ့ပိုးပေးမည်ဖြစ်ကြောင်း ဖော်ပြပါရှိပါသည်။

 

Source: Vietnam News

(စီးပွားရေးသံမှူး၊ဗီယက်နမ်)

Category: International News