International News

တရုတ်နိုင်ငံရှိ အသေးစားကုန်စည်များအတွက် ကုန်သွယ်မှုဗဟိုချက် Yiwu မှနယ်စပ် ဖြတ်ကျော်e-commerce သယ်ယူပို့ဆောင်မှုစွမ်းဆောင်ရည်မြှင့်တင်ရန်ဆောင်ရွက်ခဲ့

Last Updated:

တရုတ်နိုင်ငံ အရှေ့ပိုင်း၊ ကျဲ့ကျန်းပြည်နယ်ရှိ Yiwu City ကို အသေးစား ကုန်ပစ္စည်းများ တင်ပို့သည့်   " ကမ္ဘာ့စူပါမားကတ်" ဟု လူသိများပြီး ယခုအခါ ပင်လယ်-ရထား သယ်ယူ ပို့ဆောင်ရေးမှတဆင့် ကမ္ဘာ့ဈေးကွက်သို့ရောက်ရှိရန် နယ်စပ်ဖြတ်ကျော် e-commerce ကုန်စည်ဆိုင်ရာ အထူးရထား ဝန်ဆောင်မှုကို စတင်လိုက်ပြီဖြစ်ကြောင်း၊ 90 TEUs (ပေ၂၀ နှင့်ညီမျှသော နယ်စပ်ဖြတ်ကျော် e-commerce ကုန်စည်များ) တင်ဆောင်လာသော ရထား တစ်စင်းသည် Yiwu မြို့ အနောက်ဘက်ရှိ မီးရထားဘူတာမှ Ningbo-Zhoushanဆိပ်ကမ်းသို့ ဦးတည်သည့် ရထားဝန်ဆောင်မှုစတင်ခဲ့ကြောင်း သိရှိရပါသည်။

ကမ္ဘာ့အလုပ်အများဆုံး ဆိပ်ကမ်းဖြစ်သည့် Ningbo-Zhoushan ဆိပ်ကမ်းသို့ ရောက်ရှိပြီး နောက်ကုန်ပစ္စည်းများကို မြောက်အမေရိကသို့ ဆက်လက်တင်ပို့မည်ဖြစ်ကြောင်း၊ အဆိုပါနယ်စပ် ဖြတ်ကျော် e-commerce အထူးရထားဝန်ဆောင်မှုသည် သယ်ယူပို့ဆောင်ရေး ကဏ္ဍကို ထိရောက်စွာ မြှင့်တင်ပေးပြီး စီးပွားရေးလုပ်ငန်းများအတွက် သယ်ယူပို့ဆောင်ရေးဆိုင်ရာ ကုန်ကျစရိတ်များကို လျှော့ချပေးနိုင်မည်ဖြစ်ကြောင်းလည်း သိရှိရပါသည်။

Yiwu သည် အသေးစား ကုန်ပစ္စည်းများနှင့် နယ်စပ်ဖြတ်ကျော် e-commerce လုပ်ငန်းများ အတွက် ကမ္ဘာလုံးဆိုင်ရာ အချက်အချာနေရာတစ်ခုဖြစ်ကြောင်း၊ စာရင်းဇယားများအရ လက်ရှိ တွင် Yiwu ၌ e-commerce စီးပွားရေးလုပ်ငန်းပေါင်း ၆၅၀,၀၀၀ ကျော်ရှိကာ ၄၀ ရာခိုင်နှုန်းမှာ နယ်စပ်ဖြတ်ကျော် e-commerce လုပ်ငန်းဆောင်ရွက်လျက်ရှိကြောင်းလည်း သိရှိရပါသည်။

ယခုနှစ် ဇန်နဝါရီလမှ ဇူလိုင်လအထိ Yiwu ၏ နယ်စပ်ဖြတ်ကျော် e-commerce အရောင်းအ၀ယ်ပမာဏမှာ ယမန်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၁၇.၉ ရာခိုင်နှုန်း တိုးတက်ခဲ့ ကြောင်း၊ယေဘူယျအားဖြင့် ယခုနှစ်အတွင်း Yiwu မှ Ningbo-Zhoushan ဆိပ်ကမ်းသို့ ပင်လယ်-ရထားဝန်ဆောင်မှုအနေဖြင့် ကုန်စည် ၇၃,၉၅၆ TEUs တင်ဆောင်သည့် ရထား ၈၁၃ စင်း ရှိခဲ့ ကြောင်းသိရှိရပါသည်။

Source: http://en.people.cn/n3/2024/1019/c90000-20231411.html

စီးပွားရေးသံမှူး ၊ပေကျင်းမြို့၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ

Category: International News