International News

ဗီယက်နမ်နိုင်ငံသည် တရုတ်နိုင်ငံသို့ အုန်းသီးလတ်လတ်ဆတ်ဆတ်များ တင်ပို့ရန် အမှာစာများ ရရှိ

Last Updated:

ဗီယက်နမ်နိုင်ငံသည် တရုတ်နိုင်ငံသို့ အုန်းသီးလတ်လတ်ဆတ်ဆတ်များ တင်ပို့ရန် ခွင့်ပြုချက်ရရှိပြီး နှစ်လအကြာတွင် ဗီယက်နမ်ကုမ္ပဏီအများအပြားသည် တရုတ်နိုင်ငံမှ အမှာစာများ ရရှိခဲ့ကြောင်းသိရှိရပါသည်။ ဗီယက်နမ် အုန်းသီးအသင်း၏ အထွေထွေ အတွင်းရေးမှူးဖြစ်သူ  Cao Ba Dang Khoa ၏ ပြောကြားချက်အရ ကုမ္ပဏီကြီးအများအပြားသည် တရုတ်နိုင်ငံသို့ လတ်ဆတ်သောအုန်းသီး ကွန်တိန်နာ ၃၀ မှ ၅၀ တင်ပို့ရန် စာချုပ်များ ချုပ်ဆိုခဲ့ပြီး တစ်ခုလျှင် ၁၅၀၀ ဖြင့် အမှာစာလက်ခံ ရရှိထားကြောင်း၊ အဆိုပါဈေးကွက်သည် ဗီယက်နမ် အုန်းသီးများတင်ပို့ရန်အတွက် အပြုသဘောဆောင်သည့် လက္ခဏာဖြစ်ကြောင်း ၎င်းကမှတ်ချက်ပြုခဲ့သည်။

အုန်းသီးတင်ပို့သူ GC Food ၏ ဥက္ကဋ္ဌဖြစ်သူ ငုယင်ဗန်သူက ၎င်း၏ကုမ္ပဏီအနေဖြင့် နိုင်ငံတကာ ကုန်စည်ပြပွဲများတွင် တွေ့ဆုံခဲ့သည့် ဖြစ်နိုင်ခြေရှိသော တရုတ်ဝယ်လက်များထံ နမူနာပေးပို့ထားပြီး အုန်းသီးနှင့်အတူ ရှားစောင်းလက်ပတ်ကိုလည်း တင်ပို့နိုင်ရန် မျှော်လင့် ထားကြောင်း ပြောကြားခဲ့သည်။

အုန်းသီးတင်ပို့ရောင်းချသည့် Vina T&T Group ၏ CEO ဖြစ်သူ Nguyen Dinh Tung က တရုတ်နိုင်ငံသို့ တင်ပို့မှုသည် လာမည့်နှစ်တွင် ကုမ္ပဏီရောင်းအား၏ ၁၅% ကို ရှိနိုင်မည်ဟု မျှော်လင့်ထားကြောင်း ၊ မကြာသေးမီက ကုန်စည်ပြပွဲများတွင်ဆုံတွေ့ခဲ့သည့်  တရုတ်နိုင်ငံမှ  တင်သွင်းသူ အများအပြားသည် အုန်းသီးဝယ်ယူမှုနှင့်ပတ်သက်၍ မေးမြန်းရန် ၎င်း၏ ကုမ္ပဏီထံ ဆက်သွယ်ခဲ့ကြောင်း ၎င်းက မှတ်ချက်ပြုခဲ့သည်။

တရုတ်နိုင်ငံသို့ တင်ပို့ရန် ခွင့်ပြုချက်ဖြင့် အုန်းသီးစိုက်ပျိုးသည့် ဧရိယာ ခြောက်ခုနှင့် ထုပ်ပိုးသည့် စက်ရုံတစ်ခုရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။ EU၊ အမေရိကန်၊ ကနေဒါနှင့် တောင်ကိုရီယား စသည့် စျေးကွက်များစွာတွင် ဝယ်လိုအားရှိနေသည့် ဗီယက်နမ် အုန်းသီး မျိုးကွဲများသည် ၎င်း၏ အချိုဓါတ်ကြောင့် ထိုင်းနိုင်ငံမှ အုန်းသီးများနှင့် ယှဉ်ပြိုင်နိုင်ကြောင်း သိရှိရပါသည်။ တရုတ် စားသုံးသူများသည် အုန်းနို့၊ ခရင်မ်နှင့် ဂျယ်လီကဲ့သို့သော အုန်းမှ ထုတ်လုပ်သည့် ထုတ်ကုန်များကို ကြိုက်နှစ်သက်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

ဗီယက်နမ်နိုင်ငံသည် သတ္တမမြောက် အုန်းသီးအများဆုံး ထုတ်လုပ်သည့်နိုင်ငံဖြစ်ပြီး စိုက်ပျိုးဧရိယာ ဟက်တာ ၂၀၀,၀၀၀ ဝန်းကျင်ရှိကာ သုံးပုံတစ်ပုံမှာ အမေရိကန်နှင့် ဥရောပ စံနှုန်းများနှင့် ကိုက်ညီပြီး အဓိကအားဖြင့် အလယ်ပိုင်းကမ်းရိုးတန်းနှင့် မဲခေါင်မြစ်ဝကျွန်းပေါ် ဒေသများတွင် ဖြစ်ကြောင်း သိရှိရပါသည်။

ဗီယက်နမ်အုန်းသီး အသီးတင်ပို့မှု ပမာဏသည် ယခုနှစ်တွင် အမေရိကန်ဒေါ်လာ ၁.၂ ဘီလီယံအထိ ရှိမည်ဟု ခန့်မှန်းထားပြီး တရုတ်နိုင်ငံသို့ အုန်းလတ်လတ်ဆတ်ဆတ် တင်ပို့မှု ပမာဏမှာ အမေရိကန်ဒေါ်လာ သန်း ၂၅၀ ရှိကြောင်း သိရှိရသည်။ ထိုင်းထုတ်ကုန်များ၏ စျေးနှုန်း နိမ့်ကျမှုသည် စိန်ခေါ်မှုတစ်ခုဖြစ်လာနိုင်ပြီး စီးပွားရေးလုပ်ငန်းများသည် တရုတ်စားသုံးသူများ အကြား ယုံကြည်မှုတည်ဆောက်ရန်အတွက် ယှဉ်ပြိုင်စျေးနှုန်း၊ ထုပ်ပိုးမှုနှင့် အရည်အသွေး အပေါ် အာရုံစိုက်ရန် လိုအပ်ကြောင်း ဖော်ပြထားပါသည်။

Source : VN Express International

(စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ ဟနွိုင်းမြို့)

 

 

 

Category: International News