International News

အင်ဒိုနီးရှားနိုင်ငံ၏ ဆန်တင်ဒါပမာဏ တိုးလာခြင်းသည် ဗီယက်နမ်အတွက် အခွင့်အလမ်းဖြစ်လာ

Last Updated:

အင်ဒိုနီးရှားနိုင်ငံ၏ ဆန်တင်သွင်းမှုသည် ဩဂုတ်လတွင် ဆန်တန်ချိန် ၃၀,၀၀၀ တိုးလာပြီး ဝယ်လိုအားမှာ တန်ချိန် ၃၅၀,၀၀၀ ရှိလာခဲ့ကြောင်း အင်ဒိုနီးရှား အမျိုးသားထောက်ပံ့ ပို့ဆောင်ရေး အေဂျင်စီ (Perusahaan Umum BULOG) ၏ နောက်ဆုံးတင်ဒါ ကြေညာချက်အရ သိရှိရပါသည်။

အင်ဒိုနီးရှားနိုင်ငံသည် ဆန်ဖြူကွဲ ၅ ရာခိုင်နှုန်း တန်ချိန် ၃၅၀,၀၀၀ ကို တင်ဒါခေါ်ယူခဲ့ပြီး ဗီယက်နမ်၊ ထိုင်း၊ ကမ္ဘောဒီးယား၊ မြန်မာနှင့် ပါကစ္စတန်တို့မှ ဆန်တင်သွင်းသူများကို ဦးစားပေး သွားမည်ဖြစ်ကြောင်းဖော်ပြပါရှိသည်။

၂၀၂၄ ခုနှစ် ပထမနှစ်ဝက်တွင် အင်ဒိုနီးရှားသည် တစ်လလျှင် ပျမ်းမျှ ဆန်တန်ချိန် ၃၀၀,၀၀၀ ခန့် တင်ဒါခေါ်ယူခဲ့ပြီး ဇူလိုင်လမှစတင်၍ Bulog သည် တင်ဒါအရေအတွက် ၂၀,၀၀၀ တိုးမြှင့်ခဲ့သဖြင့် စုစုပေါင်းတန်ချိန် ၃၂၀,၀၀၀ သို့ရောက်ရှိခဲ့သည်။

အင်ဒိုနီးရှားနိုင်ငံ၏ ဆန်တင်သွင်းမှုမှာ ဝယ်လိုအားတိုးလာသော်လည်း နိုင်ငံသည် တန်ချိန် ၂၀၀,၀၀၀ သာ ၀ယ်ယူနိုင်ခဲ့သည်။ အဆိုပါဝယ်လိုအားကို ဖြည့်ဆည်းရန်အတွက် Bulog သည် သြဂုတ်လတင်ဒါအတွက်တန်ချိန် ၃၅၀,၀၀၀ မကြုံစဖူးမြင့်မားစွာ သတ်မှတ်ထားခြင်း ဖြစ်သည်။

ကမ္ဘာ့ဆန်ဈေးကွက်တွင် လက်ရှိမရေရာမှုများကြောင့် အင်ဒိုနီးရှားနိုင်ငံမှ ကြီးမားသည့် ဆန်တင်ဒါခေါ်ယူမှုသည် ဆန်တင်ပို့ရောင်းချသူများ အထူးသဖြင့် ဗီယက်နမ်မှ ဆန်တင်ပို့လို သူများအတွက် အဓိက အခွင့်အလမ်းဖြစ်လာခဲ့သည်။

အင်ဒိုနီးရှားနိုင်ငံမှ ဆန်လေလံဆွဲရန် ဖိတ်ခေါ်မှုသည် ဗီယက်နမ်ဆန်တင်ပို့မှု လုပ်ငန်း အတွက် အပြုသဘောဆောင်သော လက္ခဏာဖြစ်ကြောင်း၊ ပြီးခဲ့သည့် ဇူလိုင်လက ဗီယက်နမ် လုပ်ငန်းရှင်များအနေဖြင့် လေလံဆွဲမှု ၁၂ စောင်အနက် ၇ စောင်နှင့် အများဆုံးရရှိခဲ့ပြီး ဆန်တန်ချိန် ၁၈၅,၀၀၀ တင်ပို့နိုင်ခဲ့ကြောင်း Cần Thơ Rice Export Joint Stock Company မှ အထွေထွေညွှန်ကြားရေးမှူး ဖြစ်သူ Nguyễn Văn Nhật မှ ပြောကြားခဲ့ပါသည်။

၎င်းသည် ဗီယက်နမ်ဆန်သည် အခြားရင်းမြစ်များနှင့် နှိုင်းယှဉ်ပါက ပြိုင်ဆိုင်မှု အားကောင်းနေဆဲ ဖြစ်ကြောင်း ပြသလျက်ရှိသည်။

ဗီယက်နမ်နိုင်ငံ၏ ဆန်တင်ပို့မှုဈေးသည် လက်ရှိတွင် ကမ္ဘာမှာ အမြင့်ဆုံးဈေးဖြစ် ကာ တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၅၇၈ အထိ ရောက်ရှိနေခဲ့သော်လည်း အင်ဒိုနီးရှားနိုင်ငံ၏ ဝယ်လိုအား တိုးမြင့်လာခြင်းသည် ဤဈေးကွက်သို့ ဆက်လက် တင်ပို့ရန် အခွင့်အလမ်းများ ပေးစွမ်းမည်ဟု ယုံကြည်ပါကြောင်း ၎င်းက ပြောကြားခဲ့သည်။

နွေ ဆောင်းသီးနှံကုန်ဆုံးရက် နီးကပ်လာသောကြောင့် ဗီယက်နမ်၏ ဆန်ထောက်ပံ့မှုမှာ အကန့်အသတ်ရှိနေပြီး ဆောင်းဦး ဆောင်းသီးနှံ အမြောက်အများ မထွက်ရှိသေးသောကြောင့် နိုင်ငံ၏ ဝယ်လိုအားကို သိသိသာသာ ထောက်ပံ့ပေးနိုင်ခြင်းမရှိသေးကြောင်း မှတ်ချက်ပြုခဲ့သည်။

ထို့ကြောင့် ဗီယက်နမ်နိုင်ငံ၏ ဆန်ဈေးနှုန်းမှာ ဆက်လက်မြင့်မားဖွယ်ရှိကြောင်း၊ သို့သော် လည်း ဖိလစ်ပိုင်ကဲ့သို့ နိုင်ငံများမှ ဝယ်လိုအား ကြီးမားခြင်းသည် ဈေးနှုန်းဖိအားအချို့ကို သက်သာစေနိုင်ကြောင်းဖော်ပြထားသည်။

လက်ရှိဈေးကွက်အခြေအနေအရ ဗီယက်နမ်ဆန်တင်ပို့သူများသည် တင်ဒါခေါ်ယူခြင်း များတွင် “များများရောင်း၍ များများဆုံးရှုံးခြင်း” မဖြစ်အောင် သတိထား၍ ဆောင်ရွက်လျက် ရှိကြောင်း၊ လေလံမတင်မီ ကမ္ဘာ့ဈေးကွက်ရှိ ဗီယက်နမ်ဆန်၏ ဈေးနှုန်းကို ထည့်သွင်း စဉ်းစားလျက်ရှိ‌ကြောင်း၊ အားသာချက်များနှင့် အားနည်းချက်များကို ဂရုတစိုက်ချိန်ဆလျက် ရှိကြောင်း ဖော်ပြထားပါသည်။

၂၀၂၄ ခုနှစ် ပထမခုနစ်လအတွင်း ဗီယက်နမ်နိုင်ငံသည် ဆန်တန်ချိန် ၅.၃ သန်းနီးပါး တင်ပို့ခဲ့ပြီး အမေရိကန်ဒေါ်လာ ၃.၃၄ ဘီလီယံ ရရှိခဲ့သည်။ ကိန်းဂဏန်းများအရ ၂၀၂၃ အပါအဝင် ဗီယက်နမ်၏ ဆန်စပါးလုပ်ငန်းအတွက် စံချိန်သစ်တင်နိုင်ခဲ့သည်။

စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးဌာန၏ ခန့်မှန်းချက်အရ ဗီယက်နမ်နိုင်ငံသည် ဆန်တန်ချိန် ၇.၅ သန်းမှ ၈ သန်းအထိ တင်ပို့နိုင်ရန် ရည်မှန်းထားပြီး ပို့ကုန် ၀င်ငွေ အမေရိကန်ဒေါ်လာ ၅ ဘီလီယံကျော် ရရှိမည်ဟု ခန့်မှန်းထားကြောင်းဖော်ပြထားသည်။

Source: Vietnam News

(စီးပွားရေးသံမှူး၊ဗီယက်နမ်)

Category: International News